ပဲခူးတိုင်း ပြည်မြို့အခြေစိုက် အလွတ်သတင်းထောက် ကိုလပြည့် အပါဝင် ပြည် အကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသား ၃၂ ဦး နိုဝင်ဘာလ ၁၇ ရက် ဒီနေ့ ပြန်လည်လွတ်မြောက်လာတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
အခုလွတ်မြောက်လာသူတွေထဲမှာ သတင်းထောက် ကိုလပြည့်၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ ဦးကျော်ဆန်း၊ တစ်ကိုယ်တော် ဝင်းလှိုင်တို့အပါအဝင် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် ချမှတ်ခံထားရသူတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
အခုလွတ်မြောက်လာသူတွေက မကြာခင်မှာ လွတ်ရက်စေ့တော့မယ့်သူတွေအများစု ပါဝင်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
“အကုန်လုံးက လွတ်နီးတွေကြီးပဲ လွတ်ဖို့တစ်လလို၊ နှစ်လလိုတဲ့သူတွေ အဲဒီလိုမျိုး လူတွေကို လွှတ်ပေးတာ။ တော်တော်များများတော့ ပြန်မလွတ်သေးဘူး အထဲမှာ ကျန်နေတုန်းပဲ”
ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်နေ့ကပဲ ပြည်မြို့အခြေစိုက် ပရဟိတသမားတွေ၊ ကဗျာဆရာတွေနဲ့ စစ်ကောင်စီကို ဆန့်ကျင်သူ ၁၀ ဦးကို ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့တာတွေလည်းရှိနေတယ်လို့ သူက ဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသား ၃၂ ဦးပြန်လည်လွတ်မြောက်လာပေမယ့် ပြည်အကျဉ်းထောင်ထဲမှာ တရားရင်ဆိုင်နေရဆဲနဲ့ ထောင်ဒဏ်ကျခံနေရသူ နိုင်ငံရေးအကျဉ်းသား ၂၇၀ ထက်မနည်း ကျန်ရှိနေသေးတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။