ဒီရေတောတွေပြန်ဖွဲ့ဖို့ အဆို ပြည်သူ့လွှတ်တော်လက်ခံ

ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ်မှာ ပင်လယ်ကမ်းခြေ ဒီရေတောတွေ ဖွဲ့စည်းပေးဖို့ ပြည်ထောင်စု အစိုးရထံ တိုက်တွန်းကြောင်းအဆိုကို ပြည်သူ့လွှတ်တော်မှာ လက်ခံဆွေးနွေးဖို့ မနေ့က အတည်ပြုလိုက်ပါတယ်။

ဒေးဒရဲမြို့နယ်အတွင်း ပင်လယ်ကမ်းခြေက ကျေးရွာတွေမှာ သဘာဝဘေးအန္တရာယ်တွေ ကျရောက်လာရင် ကာကွယ်နိုင်ဖို့အတွက် ဒီရေတောတွေဟာ ခံတပ်သဖွယ် လိုအပ်နေကြောင်း အဆိုတင်သွင်းသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဒေါ်ခင်ညို က လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

"ပင်လယ်ကမ်းခြေက ရွာသားများရဲ့သဘာဝဘေးအန္တရာယ်အတွက် စိုးရိမ်သောကများပြေပျောက်စေ ရန်လည်းကောင်း၊ ရွာသူ၊ ရွာသားများရဲ့ အသက်အိုးအိမ်၊ စည်းစိမ်ကိုကာကွယ်ပေးရန် အရေးကြီးဆုံး ခံတပ်သဖွယ်ဖြစ်သော ဒီရေတောများကို ဖွဲ့စည်းတည်ဆောက်ပေးရန် သက်ဆိုင်ရာကိုတိုက်တွန်းအပ် ပါတယ်"

၂၀၀၈ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ နာဂစ်ဆိုင်ကလုန်းမိုင်တိုင်းကြောင့် ဧရာဝတီတိုင်းအတွင်းမှာ လူပေါင်းသိန်းနဲ့ချီ အသက်ဆုံးရှုံးခဲ့ရပြီး အိုးအိမ်တွေပျက်စီးခဲ့ပေမယ့် ဒီရေတောရှိတဲ့ မြို့ရွာတွေမှာ ပျက်စီးထိခိုက်မှုနည်းခဲ့ကြောင်း အဲဒီအဆိုကို ထောက်ခံသူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းသိန်း လွှတ်တော်မှာ ဆွေးနွေးခဲ့ပါတယ်။

ဒီရေတောတွေဟာ ပင်လယ်ကမ်းခြေက ရွာတွေနဲ့မြို့တွေမှာ ကုန်းမြေနဲ့ပင်လယ်အကြားမှာ ကြားခံ အဖြစ် တည်ရှိပြီး လမု၊ ဓနိ၊ သမက် ၊ ကနစို စတဲ့ အပင်တွေ ပေါက်တဲ့တော ဖြစ်ပါတယ်။

လက်ရှိ ဒီရေတောတွေကို လောင်စာအတွက် အလွန်အကျွံခုတ်ပြီး ထင်းအဖြစ် အသုံးပြုတာ၊ လယ်ယာမြေစိုက်ပျိုးတာ၊ လူနေအိမ်တွေ ဆောက်လုပ်တာ နဲ့ ငါး၊ ပုဇွန်ကန်အဖြစ် ပြုလုပ်တာ စတာတွေကြောင့် ဒီရေတောတွေ ပျက်စီးဆုံးရှုံးခဲ့တယ်လို့လည်း ဒေါက်တာဒေါ်ခင်ညို က တင်ပြခဲ့ပါတယ်။