လောင်းလုံးမှာ တက္ကသိုလ်ကျောင်းသူတစ်ဦးကို ပျူစောထီးတွေဖမ်းဆီး

2022.10.08
လောင်းလုံးမှာ တက္ကသိုလ်ကျောင်းသူတစ်ဦးကို ပျူစောထီးတွေဖမ်းဆီး ပျူစောထီးတွေ ဖမ်းဆီးသွားသည့် တက္ကသိုလ်ကျောင်းသူ မနွယ်သရဖီစိုး။
Photo : Nwe Tharaphi Soe Facebook

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ ထားဝယ်တက္ကသိုလ် သမိုင်းမေဂျာ အထူးပြု ဒုတိယနှစ် ကျောင်းသူတစ်ဦးကို အောက်တိုဘာလ ၇ ရက် မနက်ပိုင်းက ပျူစောထီးအဖွဲ့ဝင်တွေ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းခံရသူက လောင်းလုံးမြို့နယ်၊ ညောပြင်ကျေးရွာက အသက် ၂၀ ဝန်းကျင် မနွယ်သရဖီစိုး ဖြစ်ပြီး ထားဝယ်ကိုအသွား ကျောက်နီမှော်ကျေးရွာမှာ ဖမ်းဆီးခံရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"သူရွာကနေ ထားဝယ်တက်တယ်။ အဲမှာကျောက်နီမှော်ဆိုတဲ့ရွာကို ထားဝယ်သွားရင် ဖြတ်ရတာလေ။ အဲဒီရွာမှာ ပျူစောထီးတွေရှိတယ်။ သူတို့က လမ်းပေါ်ထွက် လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတာဗျ။ သူသွားတဲ့အချိန် သူ့ကိုစစ်တာ ဘာတွေ့လို့ တွေ့မှန်းမသိဘူး။ သူ့ကို ဖမ်းခေါ်သွားတယ်"

စစ်ကောင်စီက ပြည်သူ့စစ်လို့ အမည်ပေး လက်နက်တပ်ဆင်ပေးထားတဲ့ ပျူစောထီးအဖွဲ့ဝင် ၁၅ ဦးက ကျောက်နီမှော်ကျေးရွာမှာ နေထိုင်ပြီး လမ်းသွားလမ်းလာတွေကို အမြဲစစ်နေကျလို့ ပြောပါတယ်။

သူ့ကို လက်ရှိ ကျောက်မျက်မှော်ရွာက ပျူစောထီးစခန်းမှာ ဖမ်းဆီးချုပ်နှောင်ထားပြီး မိသားစုဝင်တွေလည်း တွေ့ခွင့်မရဘူးလို့ ပြောပါတယ်။ သူ့ကို ဘာကြောင့် ဖမ်းဆီးတာလဲဆိုတာ ဒေသခံတွေက မသိရသေးဘူးလို့ ပြောပါတယ်။

၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၂ ရက်နေ့အထိ ထားဝယ်အကျဉ်းထောင်ကနေ အမိန့်ချမှတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသား ၂၄၃ ဦးရှိပြီး အဲဒီထဲမှာ အမျိုးသမီး အကျဉ်းသား ၄၂ ဦး ပါဝင်တယ်လို့ စက်တင်ဘာလ ၅ ရက်နေ့မှာ ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ယက်(DPPN) က ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။