ဗြိတိသျှထီးနန်းမှာ သက်တမ်းအရှည်ကြာဆုံး ဘုရင်မတစ်ပါးဖြစ်တဲ့ အသက် ၉၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဗြိတိသျှ ဘုရင်မကြီး ဒုတိယမြောက် အယ်လိဇဘက် ကွယ်လွန်အနိစ္စရောက်သွားကြောင်း ဘာကင်ဟမ်နန်းတော်က ၂ဝ၂၂ ခုနှစ် စက်တင်ဘာ ၈ ရက် ဒီကနေ့မှာ ကြေညာလိုက်ပါတယ်။
ဒုတိယမြောက် အဲလိဇဘက်ဘုရင်မကြီးဟာ လက်ရှိစံမြန်းရာ စကော့တလန်ရှိ Balmoral ရဲတိုက်မှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး ကွယ်လွန်ရတဲ့ အကြောင်းရင်းကိုတော့ ထုတ်ပြန်ကြေညာတာတော့မရှိပါဘူး။
"ဘုရင်မကြီးဟာ ခေတ်သစ်ဗြိတိန်နိုင်ငံတော်အခြေခံတည်ဆောက်ထားတဲ့ ကျောက်စိုင်ခဲကြီးဖြစ်ပြီး သူ့လက်ထက်မှာ ဗြိတိန်နိုင်ငံဟာ ကြီးပွားဖွံ့ဖြိုးတိုးတက်ခဲ့ရကြောင်း၊ ယနေ့ ဗြိတိန်နိုင်ငံတော်ကြီးအဖြစ် ကြီးမားစွာရပ်တည်နိုင်ခဲ့တာဟာ ဘုရင်မကြီးရဲ့ ကျေးဇူးတော်ကြောင့်ဖြစ်ကြောင်း" ဗြိတိန်ဝန်ကြီးချုပ် လစ် ထရပ်စ်က ဘုရင်မကြီး အနိစ္စရောက်အပြီးမှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဗြိတိသျှဘုရင်မကြီးဟာ အခုနှစ် ဇွန်လက နန်းသက်နှစ် ၇၀ ပြည့်ခဲ့ပြီး နန်းသက် နှစ် ၇၀ ပြည့် အခမ်းအနားတွေကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။
ဘုရင်မကြီး ကွယ်လွန်သွားတဲ့အတွက် အိမ်ရှေ့မင်းသားဖြစ်တဲ့ သက်တော် ၇၃ နှစ်အရွယ် သားတော် ချားလ်စ်မင်းသားဟာ တတိယမြောက် ချားလ်စ်ဘုရင်အဖြစ် ထီးနန်းဆက်ခံမယ်လို့ ဗြိတိသျှ နန်းတွင်းအရေး စီမံခန့်ခွဲတဲ့ Clarence House က ဒီကနေ့ညမှာပဲ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အယ်လိဇဘက်ဘုရင်မ ဘုရင်မကြီးဟာ ၂ဝ၁၇ ခုနှစ် မေလက ဗြိတိန်နိုင်ငံကို လာရောက်လည်ပတ်ခဲ့တဲ့ မြန်မာ့နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဘာကင်ဟမ်နန်းတော်မှာ လက်ခံတွေ့ဆုံခဲ့ဖူးပါတယ်။