ရခိုင်မှာ အရပ်သား လေးရာကျော် အဖမ်းခံထားရ

RFA Burmese
2023.12.15
ရခိုင်မှာ အရပ်သား လေးရာကျော် အဖမ်းခံထားရ ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ် တိုက်ပွဲကြောင့် တိမ်းရှောင်နေကြရသည့် ရခိုင်ပြည်နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ ယခင်တိုက်ပွဲကာလနဲ့ အခု တစ်ကျော့ပြန် တိုက်ပွဲကာလအတွင်း အရပ်သား ၄၃၀ ကျော်ကို စစ်ကောင်စီတပ်က မတရားဖမ်းဆီး ထားတယ်လို့ ရက္ခိုင့်တပ်တော် (AA) ပါဝင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့က ဒီဇင်ဘာ ၁၄ ရက် မနေ့က ထုတ်ပြန်ပါတယ်။

သူတို့ဟာ ရက္ခိုင့်တပ်တော် (AA) နဲ့ ဆက်စပ်တယ်ဆိုတဲ့ သံသယနဲ့ စစ်ကောင်စီတပ်က ဖမ်းဆီးထားတာပါ။ ဒါဟာ AA ကို ပြည်သူတွေ မထောက်ခံရဲအောင် ပြည်သူတွေကို ပစ်မှတ်ထားပြီး လုပ်ဆောင်နေတာလို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက RFA ကို ပြောပါတယ်။

“ရခိုင်မှာ စစ်ကောင်စီတပ်ဟာ ပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီးနေတာပါ။ ဘာမှ အပြစ်မရှိဘဲလည်း ဖမ်းသွားတာရှိတယ်။ ဖမ်းဆီးသွားပြီးတော့ ပျောက်ဆုံးနေတာလည်း ရှိတယ်။ တရားရုံးကို ရောက်သွားရင်လည် စစ်ကောင်စီအလိုကျ အကြမ်းဖက်ပုဒ်မ တခြားပုဒ်မအမျိုးမျိုးနဲ့ ထောင်ချတာရှိတယ်။ အဓိကတော့ AA ကို ပြည်သူတွေ မထောက်ခံရဲအောင် တစ်ဖက်လှည့်နဲ့ လုပ်နေတာပေါ့”

တစ်ဖက်မှာလည်း စစ်ကောင်စီတပ်ဟာ အရပ်သားတွေ နေထိုင်တဲ့ မြို့ရွာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာရှိသလို နေအိမ်တွေကို မီးရှို့ တာတွေလည်းရှိတယ်လို့ ဆိုပါတယ်။

ဒါကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာတာနဲ့အမျှ စစ်ကောင်စီတပ်ဟာ အရပ်သားတွေကို ပိုပြီး ပစ်မှတ်ထား တိုက်ခိုက်လာနိုင်တယ်လို့လည်း သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေကလည်း စစ်တွေမြို့က အရပ်သား ၅၃ ဦးနဲ့ မင်းပြားမြို့နယ်က အရပ်သား ခုနစ်ဦး၊ စုစုပေါင်း ခြောက်ဆယ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ AA က ထုတ်ပြန် ထားပါတယ်။

ဖမ်းဆီးခံရသူတွေနဲ့ ပတ်သက်လို့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန်ချက် မှာ ဖော်ပြထားတာ မရှိပါဘူး။

ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသမီး ဆယ်ဦးကျော်ပါဝင်ပြီး အားလုံးဟာ စက်လှေလုပ်သား၊ ကုန်သည်၊ စျေးသည်၊ ပညာရေးဝန်ထမ်း၊ ကျောင်းသားနဲ့ ကျပန်းလုပ်သားတွေဖြစ်ပါတယ်။ စစ်တွေမှာ ဖမ်းဆီးခံထားရတဲ့ သူတွေကိုတော့ စစ်တွေမြို့မ အမှတ် (၁) ရဲစခန်းမှာ ထိန်းသိမ်းခံထားရပြီး အဲဒီအထဲက ကိုယ်ဝန်ဆောင် တစ်ဦးသာ မနေ့ကပြန်လွတ်လာသေး တယ်လို့ မိသားစုဝင်တွေက RFA ကို ပြောပါတယ်။

ရက္ခိုင့်တပ်တော် (AA) ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင် ပြည်နယ် ပြောခွင့်ရသူ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။

ရခိုင်မှာ အခု တစ်ကျော့ပြန်တိုက်ပွဲအတွင်း ဒီဇင်ဘာ ၄ ရက်နေ့အထိ အရပ်သား ၁၃၀ ကျော်ကို စစ်ကောင်စီ တပ်က ဥပဒေမဲ့ ဖမ်းဆီးထားတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN OCHA) က ဒီဇင်ဘာ ၈ ရက်နေ့က ထုတ်ပြန် ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။