လူ့အခွင့်အရေး အစီရင်ခံစာရေးဖို့ မဟုတ်


2016.09.08
kofi-annan-press-620.jpg ရန်ကုန်မြို့ Shangri-la ဟိုတယ်မှာ ကျင်းပတဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ မစ္စတာ ကိုဖီအာနန် ကို စက်တင်ဘာလ ၈ ရက်နေ့က တွေ့ရစဉ်
Photo: Htet Arkar/RFA

မိမိတို့ရဲ့ တာဝန်ဟာ ရခိုင်ပြည်နယ်ရဲ့ လူ့အခွင့်အရေး အစီရင်ခံစာ ရေးဖို့မဟုတ်ကြောင်းနဲ့ ကော်မရှင်ရဲ့ တာဝန်ဟာ တင်းမာမှုတွေလျော့နည်းပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရကို အကြံပေးဖို့ဖြစ်ကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင် ဥက္ကဌ ကိုဖီအာနန်က ပြောပါတယ်။

၂ ရက်ကြာ ရခိုင်ပြည်နယ်ခရီးစဉ်အပြီး ဒီကနေ့ညနေက ရန်ကုန်မြို့ Shangri-la ဟိုတယ်မှာ ကျင်းပတဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ မစ္စတာ အာနန်က ပြောတာဖြစ်ပါတယ်။

ဒါ့အပြင် မစ္စတာ အာနန်က သူတို့အလုပ်ဟာ အကြံပေးဖို့သာဖြစ်ပြီး ဆရာလုပ်ဖို့ မဟုတ်ကြောင်း၊ ရဲလို စုံစမ်းစစ်ဆေးတဲ့အလုပ်မျိုးလည်း မဟုတ်ကြောင်း ပြောပါတယ်။

ရခိုင်ပြည်နယ်ခရီးစဉ်ဟာ သူ့အတွက် လေ့လာခွင့်ရခဲ့တဲ့ ခရီးစဉ်ဖြစ်ကြောင်း၊ ခရီးစဉ်အတွင်း သံဃာတော်တွေ၊ နှစ်ဖက်လူ့အဖွဲ့အစည်းက လူပုဂ္ဂိုလ်တွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ ပါတီတွေက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲ့ဒီလို တွေ့ဆုံရာမှာ ရခိုင်လူမျိုးတွေရဲ့ သမိုင်းကြောင်းကို ရှင်းပြကြတာ ရှိသလို ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှု ပြဿနာတွေကိုလည်း ဆွေးနွေးကြတာ ရှိကြောင်းပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ရိုဟင်ဂျာလို့ မသုံးနှုန်းဖို့ ပြောတာရှိပါသလားလို့ မေးရာမှာ မစ္စတာ အာနန် က ဒေါ်အောင်ဆန်းစုကြည်က အဲ့ဒီလို ပြောတာမရှိကြောင်း၊ ခရီးစဉ်အတွင်း ဖိနှိပ်မှုပုံစံမျိုး မြင်ခဲ့ရတာရှိပါသလား လို့ မေးရာမှာ အဲ့ဒီလိုလည်း မတွေ့ခဲ့ကြောင်း ပြောပါတယ်။ ကော်မရှင် အဖွဲ့ဝင် ဟာဂျီဦးအေးလွင်က ဒီခရီးစဉ်ဟာ ၂ ရက်သာဖြစ်ပြီး ကြိုတင်စီစဉ်တဲ့ ခရီးစဉ်ဖြစ်တဲ့အတွက် အဲ့ဒီလို မတွေ့ကြောင်း ပြောပါတယ်။

ကော်မရှင်ရဲ့ သက်တမ်းဟာ ၁ နှစ်ကြာမြင့်မှာဖြစ်ပြီး နောင်မှာလည်း ရခိုင်ခရီးစဉ်များစွာ ရှိဦးမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။