ရခိုင်မှာ မိုင်းရှင်းနေစဉ် အရပ်သား လေးဦး မိုင်းထိ

ရဲစည်သူကာ(ဝါရှင်တန် ဒီစီ)
2021-03-12
Share

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကစပြီး စစ်တွေ၊ အမ်း၊ ရသေ့တောင် မောင်တော စတဲ့ ကားလမ်းအနီး ပတ်ဝန်းကျင်တွေကို မြန်မာစစ်တပ်က မိုင်းရှင်းလင်းရေးတွေ လုပ်ဆောင်နေစဉ်ကာလအတွင်းမှာပဲ အမ်း၊ ရသေ့တောင်၊ မြေပုံစတဲ့မြို့နယ်တွေမှာ အမျိုးသားနှစ်ဦးနဲ့ ကလေးနှစ်ဦး မိုင်းထိဒဏ်ရာရခဲ့ပါတယ်။

မြေပုံမြို့နယ် စညှင်းရွာက အသက် ၂၇ နှစ်အရွယ် ဦးစိုးလင်းနိုင်ဟာ ပြီးခဲ့တဲ့ မတ် လ ၈ ရက်နေ့က မိုင်းထိလို့ ညာဘက်ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ပြီး ဒဏ်ရာပြင်းထန်တာကြောင့် မတ်လ ၉ ရက်နေ့မှာ ကမ်းထောင်း ကြီးဆေးရုံကနေ စစ်တွေဆေးရုံကို အရေးပေါ်ပို့ဆောင်ခဲ့ရပါတယ်။

သူဟာ ရွာနဲ့ ၃ မိုင်လောက်ဝေးတဲ့ တောထဲမှာသစ်ခုတ်သွားတုန်း မိုင်းနင်းမိလို့ အခုလို ဒဏ်ရာအပြင်းအထန် ရခဲ့တာလို့ ယောက္ခမဖြစ်သူ ဦးရွှေကြည်က ပြောပါတယ်။

“ကျွန်တော်တို့ တောထဲမှာ သစ်ခုတ်ဖို့သွားပါတယ်။ စက်လှေဒေါက်လုပ်ဖို့အတွက် သစ်ခုတ်သွားတာပါ။ အဲဒီမှာ တောင်ခြေရင်းမှာ တစ်ပင်ခုတ်ပါတယ်။ အချိန်က ၂ နာရီလောက်ပဲ ရှိပါသေးတယ်။ အဲဒါကြောင့် အချိန်ရှိသေးလို့ တောင်ပေါ်ကအပင်ကို ခုတ်ဖို့သွားပါတယ်။ ကျွန်တော်ကတော့ ဆီကုန်သွားလို့ တဲကို ဆီယူဖို့သွားပါတယ်။ သူတို့က တောင်ပေါ်တက်သွားပါတယ်။ အဲဒီမှာ မိုင်းထိပြီးဒဏ်ရာရသွားတာပါ။ သူ့ကို လူ လေးယောက် ပုဆိုးနဲ့ ပတ်ပြီးထမ်းလာခဲ့ရပါတယ်”

ရသေ့တောင်မြို့နယ် ပဲသဒူရွာမှာလည်း ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့က စစ်ကျန်ဗုံးသီးတစ်လုံး ပေါက်ကွဲလို့ အသက် ၁၀ နှစ် အရွယ်မောင်လှထွန်းနဲ့ အသက် ၈ နှစ်အရွယ် မောင်ရဲထွန်းတို့ ညီကိုနှစ်ဦး ဒဏ်ရာရ သွားခဲ့ပါတယ်။

သူတို့ညီကိုနှစ်ဦးဟာ ရွာအနီးကတောင်ကုန်းနားမှာ လက်ပံပွင့်သွားကောက်နေတုန်း စစ်လက်ကျန် ဗုံးသီး တစ်လုံးကိုတွေ့ပြီး ဆော့စကားရာကနေ ပေါက်ကွဲခဲ့လို့ ညီဖြစ်သူ မောင်ရဲထွန်း လိုဒဏ်ရာအပြင်းအထန် ရခဲ့တာလို့ မိသားစုဝင်တစ်ဦးဖြစ်တဲ့ ဦးဝင်းချေက ပြောပါတယ်။

“ကျွန်တော်တို့မှာ တစ်နပ်စာတစ်နပ် ရှာစားနေရတာဆိုတော့ ကလေးတွေမှာဆိုရင်လည်း ဝင်ကူရှာရ တာပေါ့နော်။ တစ်ရက်ကို ငါးရာဖြစ်ဖြစ်၊ တစ်ထောင်ဖြစ်ဖြစ် သူတို့ အဲဒီလိုရှာမှ မိသားစုတွေရဲ့ စားဝတ်နေရေးက အဆင်ပြေတာပေါ့လေ။ ဖြစ်သွားတာက သူတို့ လက်ပံပွင့်တွေ သွားကောက်ကြတဲ့အခါ ဖြစ်သွားတာ။ သွေးအကုန်လုံးကျံနေတာပေါ့နော်။ ရင်ဘက်မှာရော၊ နံဘေးမှာရော၊ ပါးစောင်တွေဆိုရင် အကုန်လုံးဘာမှမရှိတေ့ာဘူး”

သူတို့နှစ်ဦးကို ရသေ့တောင်ဆေးရုံကို ပို့ဆောင်ခဲ့ပြီး ညီဖြစ်သူ မောင်ရဲထွန်း ဒဏ်ရာပြင်းထန်တာကြောင့် အဲဒီနေ့ ညနေပိုင်းမှာပဲ စစ်တွေဆေးရုံကို အရေးပေါ်ပို့ဆောင်ခဲ့ရပါတယ်။ အကိုဖြစ်သူလည်း ခြေထောက်နဲ့ ကိုယ်တွေမှာ ဒဏ်ရာရခဲ့ပေမယ့် မပြင်းထန်တာကြောင့် ရသေ့တောင်ဆေးရုံမှာပဲ ဆေးကုသနေဆဲဖြစ်တယ်လို့ သူက ဆိုပါတယ်။

အမ်းမြို့နယ် သရက်ပြင်ချောင်းရွာက အသက် ၃၅ နှစ်အရွယ် ဦးမောင်သိန်းဌေးဟာလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က တောထဲမှာ ကြိမ်သွားခုတ်နေတုန်း မြေမြှုပ်မိုင်းနင်းမိပြီး ညာဘက်ခြေထောက် ဆုံးရှုံးသွားခဲ့ပါတယ်။

အခုလို စစ်တပ်က မိုင်းရှင်းလင်းရေးတွေ လုပ်ဆောင်နေစဉ်အတွင်း အရပ်သားတွေမိုင်းထိ ဒဏ်ရာရတာ တွေရှိလာတဲ့အတွက် ကားလမ်းနီးအနားတွေမှာထက် မြန်မာစစ်တပ် စခန်းချခဲ့တဲ့ နေရာတွေ၊ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ ကျေးရွာတွေတဝိုက်ကို အဓိက ဦးစားပေး လုပ်ဆောင်သင့်တယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူ ဦးပဇင်းတစ်ပါးဖြစ်တဲ့ အရှင် သဘာဝနဒီက ထောက်ပြပါတယ်။

“မိုင်းရှင်းတဲ့နေရာမှာ ကားလမ်းဘေးပတ်ဝန်းကျင်ကိုပဲ ရှင်းတာမဟုတ်ဘဲနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာတွေ၊ နောက်ပြီးတော့ မြန်မာ့တပ်မတော်က တပ်စွဲနေထိုင်ခဲ့တဲ့နေရာ ဒီလိုနေရာတွေကို အဓိက ဦးစားပေးရှင်းဖို့ လိုတယ်။ မြန်မာ့တပ်မတော်အနေနဲ့ သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေနဲ့ပြီးတော့ ငါတို့ မိုင်းရှင်းပြီးပြီ အဲဒီလိုပြောနေတာထက်ကို လက်တွေ့ကျကျ မိုင်းရှင်းဖို့လိုတယ်။ နောက်ပြီးအများပြည်သူ အလုပ်လုပ် ကိုင် စားသောက်နေတဲ့ တောင်ယာတွေမှာ အဓိကထားပြီးတော့ မိုင်းတွေရှင်းလင်းပေးဖို့လိုတယ်လို့ အကြုံပြုပြောချင်ပါတယ်”

ရခိုင်မှာ မိုင်းရှင်းလင်းရေးကို အပြီးသတ်လုပ်ဖို့က မြန်မာစစ်တပ် တစ်ခုတည်း လုပ်ဆောင်လို့မရဘူးလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ရဲ့ အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောပါတယ်။

“မိုင်းအန္တရာယ်ရှင်းလင်းရေးကို ထိထိရောက်ရောက် လုပ်မယ်ဆိုရင် တပ်မတော်ဘက်က တစ်ခုတည်း လုပ်လို့လည်း မရဘူးပေါ့နော်။ တိုင်းရင်းသား လက်နက်ကိုင်တွေဘက်ကလည်း လုပ်ဖို့လိုတယ်။ အထူးသဖြင့်ကတော့ သူတို့နှစ်ဦးကြားထဲမှာ အပစ်အခတ်ရပ်စဲမှု ခိုင်ခိုင်မာမာ သဘောတူညီချက် ရရှိပြီးတော့မှ အစိုးရဖက်က စီမံခန့်ခွဲပြီးတော့ တခြားမိုင်းရှင်းလင်းရေး ကြားခံအဖွဲ့အစည်းတွေက ဆောင်ရွက်ပေးလို့ရှိရင်တော့ ဒေသခံတွေ အိမ်ပြန်နိုင်ဖို့ စိတ်ချရတာပေါ့လေနော်”

မြန်မာစစ်တပ်က အခုလို လမ်းဘေးတွေမှာတင်မကဘဲ ကျေးရွာတွေရဲ့အနီးဝန်းကျင်တွေမှာ မိုင်းရှင်း လင်းရေးတွေကို လာမယ့်အပတ်လောက်ကနေစတင်ပြီး ဆက်လက်လုပ်ဆောင်ဖို့ပြင်ဆင်နေတယ်လို့ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်မှူးကြီး မင်းသန်းက ပြောပါတယ်။

“မိုင်းရှင်းလင်းရေးကတော့ ပထမတစ်ဖွဲ့ မြောက်ဦးကို ကျော်သွားပြီ။ ကမ်းနီဖက်ကိုဆင်းတာ။ ရာမောင် အနားကို ရောက်နေပြီပေါ့။ ရာမောင်နားကိုရောက်တော့ တချို့ရွာလေးတွေကို မိုင်းရှင်းပေးမယ်။ တိန်ညိုတို့ဘာတို့ပေါ့။ အဲဒီဘက်ကတက်လာတဲ့ အဖွဲ့ကတော့ ကမ်းနီတို့ တောင်ပေါက်ကေတို့မှာ တွေ့တာရှိတယ်။ မိုင်းဟောင်းတွေပေါ့။ မကွဲဗုံးသီးဟောင်းတွေပေါ့။ ရွာနားမှာရှိနေတဲ့ဟာတွေကိုပါ ဝင်းရှင်းတော့မှာ အခုကျွန်တော်တို့က။ အဲဒီလို ရှင်းဖို့ပြင်နေပြီ။ လာမယ့်အပတ်လောက်တောင် ဖြစ်မယ်နဲ့တူတယ်”

တောင်တောတွေထဲမှာ မိုင်းရှင်းလင်းရေးတွေကိုပါလုပ်ဖို့ အထက်လူကြီးပိုင်းတွေက AA အဖွဲ့နဲ့ ဆွေးနွေးနေတယ်ဆိုတဲ့သတင်းကို ကြားရပေမယ့် ဟုတ်၊ မဟုတ်ကို သူ့အနေနဲ့ မပြောနိုင်သေးကြောင်း ဗိုလ်မှူးကြီး မင်းသန်းက ပြောပါတယ်။

မိုင်းရှင်းလင်းရေးလုပ်ဆောင်ဖို့ AA အဖွဲ့ဘက်ကရော ဘယ်လိုအစီအစဉ်ရှိသလဲဆိုတာ သိနိုင်အောင် AA အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခကို RFA ကဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

ရခိုင်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကနေ မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲတွေပြင်းထန်ဖြစ်ခဲ့တာပါ။ RFA က ရှိထားတဲ့စာရင်းတွေအရ အဲဒီကာလအတွင်း စစ်ရေးပဋိက္ခတွေကြောင့် သေဆုံးတဲ့အရပ်သား ၃၁၁ ဦးနဲ့ ထိခိုက်ဒဏ်ရာရတဲ့ အရပ်သား ၇၁၈ ဦးအထိရှိပါတယ်။

အဲဒီစစ်ရေးပဋိက္ခတွေကြောင့် အိုးအိမ်တွေကို စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့အထိ စစ်ဘေးဒုက္ခသည်ဦးရေ တစ်သိန်းရှစ်သောင်းကျော် ရှိတယ်လို့ ရခိုင်တိုင်းရင်း သားမျိုးနွယ်များ အစည်းအရုံးက ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့