ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက ဆေးဝါးသယ်ယူခွင့် ဆက်လက်တားမြစ်

RFA Burmese
2022.12.06
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက ဆေးဝါးသယ်ယူခွင့် ဆက်လက်တားမြစ် ၂၀၂၀ ပြည့်နှစ်အတွင်းက တွေ့ရသည့် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ခုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံ။
RFA

ရခိုင်ပြည်နယ်မှာ အပစ်အခတ်ရပ်စဲပြီးနောက် စစ်ကောင်စီတပ်က ကုန်းလမ်း၊ ရေလမ်းတွေကို ပြန်ဖွင့်ပေးပေမယ့် ဆေးဝါးသယ်ယူပို့ဆောင်ခွင့်ကို ဆက်လက်ပိတ်ပင်ထားတယ်လို့ ဆေးကုမ္ပဏီတွေက RFA ကို ပြောပါတယ်။

ပြည်နယ်အတွင်း တင်သွင်းခွင့်ကို ပိတ်ပင်ထားတဲ့အပြင် ဒေသတွင်းသယ်ယူခွင့်ကိုပါ ပိတ်ပင်ထားတယ်လို့ ဆေးကုမ္ပဏီပိုင်ရှင်တစ်ဦးက ပြောပါတယ်။

“ဆေးဝါးတွေကိုတော့ အခုအထိ ဘယ်ကိုမှ ဘယ်ယူပို့ဆောင်လို့မရသေးဘူး။ ရန်ကုန်ကနေ တင်သွင်းလို့လည်း မရဘူး။ ရခိုင်ပြည်နယ်တွင်းကို ပို့လို့လည်းမရဘူး။ အခု ကုန်းလမ်း၊ ရေလမ်းဖွင့်ပေမယ့် စားသောက်ကုန် တွေလောက်ပဲ တင်လို့ရတယ်။ ကားတွေရော၊ သင်္ဘောရော ဆေးဝါးဆိုရင် လုံးဝလက်မခံဘူး”

ဒါကြောင့် မြို့နယ်ဆေးရုံတွေ၊ တိုက်နယ်ဆေးရုံတွေ၊ ဆေးခန်းနဲ့ ဆေးဆိုင်တွေမှာ ဆေးဝါးပြတ်လပ်နေတယ်လို့ သူက ပြောပါတယ်။

ဆေးဝါးသယ်ယူခွင့်ပိတ်ပင်ထားတာနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းကို RFA ဒီကနေ့ ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ဟာ နိုဝင်ဘာ ၂၆ ရက်ကစလို့ ယာယီအပစ်အခတ်ရပ်စဲခဲ့ကြတာပါ။  

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။