ကချင်ပြည်နယ်ရှိ ရခိုင်လူမျိုး တစ်သိန်းကျော် ပြန်ခေါ်မည်


2015.03.09
rakhine migrant workers-305 ကချင်ပြည်နယ်က ငှက်ပျောခြံမှာ ရခိုင်ရွှေ့ပြောင်း အလုပ်သမားတွေ အလုပ်လုပ်ကြစဉ်
Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ်မှာ အလုပ်လုပ်ကိုင်နေကြတဲ့ ရခိုင်တိုင်းရင်းသား တစ်သိန်းကျော်ကို ပြန် လည်ခေါ်ဆောင်ဖို့ ပြည်နယ်အစိုးရနဲ့ ရခိုင် မျိုးနွယ်စုဝင်များ စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့က စီစဉ်နေပါတယ်။

နေရပ်ကိုပြန်လာတဲ့ ရခိုင်တိုင်းရင်းသားတွေ အတွက် မြေနေရာနဲ့ နေအိမ်စီစဉ်ပေးမှာဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ဖန်တီးပေးမယ်လို့ ပြည်နယ်ဝန်ကြီးချုပ်က ကတိပေးထားကြောင်း ရခိုင်မျိုးနွယ်စုဝင်များ စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ ဒုတိယဥက္ကဌ ဦးဖြူသာချေက ဒီနေ့ ပြောပါတယ်။

"ဝန်ကြီးချုပ်နဲ့ ဆွေးနွေးတဲ့အချိန်မှာ ဝန်ကြီးချုပ်က သဘောတူညီချက် ကျနော်တို့ကို ပြန်ပြီးတော့ပေးလိုက်တာက ပြန်လာတဲ့ ရခိုင်မိသားစုတွေကို မြေနေရာနဲ့ အိမ်ချပေးမယ်၊ ဒုတိယက အလုပ်အကိုင်အခွင့်အလမ်း ရေရှည်လုပ်ကိုင်နိုင်အောင် သူတို့မိသားစုကို ရေရှည် ရပ်တည်နိုင်အောင်အတွက် အလုပ်ကိုင်ဖန်တီးပေးမယ်လို့ ဝန်ကြီးချုပ်က မိန့်ကြားသွားပါတယ်"

ကချင်ပြည်နယ်မှာ သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ ရခိုင်တိုင်းရင်းသား နှစ်သိန်းကျော်ရှိတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်ကစပြီး ကချင်ပြည်နယ်မှာ နယ်မြေမငြိမ်မသက်ဖြစ်နေတာကြောင့် အဲဒီလူတွေဟာ အလုပ်အကိုင် အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ဦးဖြူသာချေက ပြောပါတယ်။

ရခိုင်မျိုးနွယ်စုဝင်များ စာပေနဲ့ယဉ်ကျေးမှုအဖွဲ့ဟာ ပြီးခဲ့တဲ့နှစ်က ကချင်ပြည်နယ်မှာရောက်ရှိနေတဲ့ ရခိုင်တိုင်းရင်းသား ၅၀၀ လောက်ကို ရခိုင်ပြည်နယ်ကို ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး အဲဒီအထဲက တချို့ဟာ အလုပ်အကိုင်ရှားပါး မှုကြောင့် ကချင်ပြည်နယ်ကို ပြန်လည်ရောက်ရှိသွားသူတွေ ရှိတယ်လို့လည်း သိရပါတယ်။

ရခိုင်အစိုးရ အဖွဲ့ပြောခွင့်ရှိသူ ဦးလှသိန်းကို RFA မခက်မာက ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။