ကချင်ပြည်နယ်က ရခိုင်လုပ်သား ၅၀၀ကျော် နေရပ်ပြန်ပို့

0:00 / 0:00

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်နဲ့ တနိုင်း-ဟူးကောင်းဒေသက စိုက်ခင်းတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ ရခိုင်ပြည်နယ်က ရွှေ့ပြောင်းလုပ်သား ၅၀၀ ကျော်ကို မြစ်ကြီးနားမြို့ကနေ ရခိုင်ပြည်နယ် စစ်တွေမြို့ထံ ဒီနေ့ ပို့ဆောင်လိုက်ပါတယ်။

ရခိုင်လုပ်သားတွေဟာ အလုပ်အကိုင် အဆင်မပြေတာကြောင့် မိသားစုစားဝတ်နေရေး အခက်အခဲတွေ ရင်ဆိုင်နေရတဲ့အတွက် နေရပ်ကိုပြန်ပို့တာဖြစ်တယ်လို့ မြစ်ကြီးနားမြို့အခြေစိုက် ရခိုင်ရိုးရာစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးဖြူသာချေ က ပြောပါတယ်။

"ရွေ့ပြောင်းသွားလာနေတော့ ကျောင်းနေဖို့လည်းခက်ခဲတယ်၊ ပြီးရင်တောထဲတောင်ထဲဆိုတော့ ကျန်းမာရေး စသည်အားဖြင့် ပြီးရင်အလုပ်ဆိုရင်လည်း တစ်ပတ်မှာ သုံးရက်တောင်ပြည့်အောင်မရှိဘူး၊ ကိုင်းခုတ်တဲ့သူတို့ ငှက်ပျောခြံတွေမှာ လုပ်ကိုင်ကြတယ်၊ တချို့ရာဘာခြံတွေမှာ စသည်အားဖြင့် လုပ်ကိုင်နေကြတယ်၊ အခက်အခဲပေါင်းစုံ ကြုံတွေ့ရတယ်ခင်ဗျ၊ ပညာရေး ကျန်းမာရေး လူမှုရေးပေါ့ အားလုံးအစစအရာရာ ယိုယွင်းတာပေါ့ခင်ဗျာ"

အရင်က ရခိုင်ရွှေ့ပြောင်းလုပ်သား ၉၀၀ ကျော်ကို ပို့ဆောင်ဖို့ စီစဉ်ခဲ့ပေမယ့် ကျန်တဲ့ ၄၀၀ လောက်က အလုပ်ရှင်တွေနဲ့ ဈေးဆိုင်တွေကနေ ချေးယူထားတဲ့ ငွေကြေးတွေ ပြန်လည်မဆပ်နိုင်တာကြောင့် နေရပ်ကို မပြန်နိုင်သေးဘူးလို့ သိရပါတယ်။

အိမ်ထောင်စု ၁၅၀ နီးပါးက လူဦးရေ ၅၀၀ ကျော်ကို မြစ်ကြီးနားမြို့ကနေ စစ်ကိုင်းတိုင်းဒေသကြီး ရွာထောင်ဘူတာကို သီးသန့်မီးရထားနဲ့ စတင်ပို့ဆောင်တာဖြစ်ပြီး အဲ့ဒီကတဆင့် မော်တော်ကားတွေနဲ့ မကွေး-အမ်း တောင်ကြားလမ်းကနေ စစ်တွေမြို့ကို ဆက်လက်ပို့ဆောင်မှာဖြစ်ပါတယ်။

အခုလိုပို့ဆောင်တာဟာ ရခိုင်ရိုးရာစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့၊ ကချင်၊ ရခိုင်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေး စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေ၊ မီးရထားပို့ဆောင်ရေးဝန်ကြီးဌာနတို့က ပူးပေါင်းဆောင်ရွက်တာဖြစ်ပါတယ်။

ကချင်ပြည်နယ်မှာ ရခိုင်ပြည်နယ်ကနေ ရွှေ့ပြောင်းလာရောက်လုပ်ကိုင်သူ အရေအတွက်ဟာ တစ်သိန်းကျော် လောက်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။

ကချင်ပြည်နယ်ထဲမှာရှိတဲ့ ရခိုင်တိုင်းရင်းသားအားလုံး ပြန်လာချင်တယ်ဆိုရင်လည်း အဆင်ပြေအောင် ကူညီဆောင်ရွက်ပေးသွားမယ်လို့ ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက ပြောပါတယ်။ ဦးလှသိန်းကို မခက်မာ ဆက်သွယ်မေးမြန်းထားပါတယ်။