မြေပုံနဲ့မင်းပြားမှာ စစ်ကောင်စီက လမ်းပိတ်ထားလို့ ဒေသခံတွေအခက်အခဲကြုံ

ရခိုင်ပြည်နယ်က မြေပုံမြို့နဲ့ မင်းပြားမြို့နယ်တွေမှာ စစ်ကောင်စီက လမ်းတွေပိတ်ထားတာ တစ်ပတ်ကျော် ကြာပြီဖြစ်လို့ ရွာပေါင်း ၁၅ ရွာက ဒေသခံ တစ်သိန်းဝန်းကျင်လောက် သွားလာရေး အခက်အခဲနဲ့ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

အခုလ ၂ ရက်နေ့ကစပြီး မြေပုံ-မင်းပြားလမ်းပေါ်က ကြပ်စင်တံတားနဲ့ မြေပုံမြို့နယ်မရောက်ခင် ကံသာရွာမှာ စစ်ကောင်စီက လမ်းပိတ်ဆို့ထားတာဖြစ်ပြီး ဆေးရုံဆေးခန်းသွားဖို့တောင် အခက်အခဲတွေဖြစ်နေတယ်လို့ RFA ကိုပြောပါတယ်။

“ လမ်းတွေပိတ်ထားတော့ ကျန်းမာရေးအတွက် ဆေးရုံ၊ ဆေးခန်းသွားလို့မရဘူး။ မင်းပြားမြို့ပေါ်တက်ပြီး ဈေးဝယ်လို့မရဘူး။ ဒေသခံတွေအဆင်မပြေဖြစ်နေကြတယ်။ တပ်ကဘာကြောင့်ပိတ်တယ်ဆိုတာ မပြောဘူး။ တိုက်ပွဲကတော့ ကြိုကြားကြိုကြားဖြစ်တယ်။ အမြဲဖြစ်နေတာတော့မဟုတ်ဘူး။”

အခုနှစ် ဇွန်လကစတင်ပြီး ရခိုင်ပြည်နယ်က မောင်တော၊ဘူးသီးတောင်နဲ့ရသေ့တောင်မြို့နယ်တွေမှာ တိုက်ပွဲတွေပြန်ဖြစ်လာပြီး မြေပုံမြို့နယ်မှာလည်း ရက္ခိုင့်တပ်တော်AA နဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေ ဖြစ်နေတာပါ။

ရခိုင်ပြည်နယ်မှာ ၂၀၂၀ မတိုင်ခင်က ဖြစ်ခဲ့တဲ့တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာပြီး လက်ရှိအချိန်အထိ နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးဒုက္ခသည်ဟာ ရှစ်သောင်းကျော် ကျန်နေသေးတယ်လို့ ပြည်တွင်းအရပ်ဘက်အဖွဲ့တွေက ပြောပါတယ်။

ဒါ့အပြင် အခုနှစ် နှစ်လယ်ပိုင်းမှာ ပြန်ဖြစ်လာတဲ့ တကျော့ပြန်တိုက်ပွဲကြောင့် နောက်ထပ် စစ်ဘေးဒုက္ခသည်ဦးရေဟာ ချင်းပြည်နယ်ပလက်ဝနဲ့ ရခိုင်မြောက်ပိုင်းဒေသတွေမှာ တစ်သောင်းခုနှစ်ထောင်ကျော် ထပ်တိုးလာတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ရဲ့စာရင်းတွေအရ သိရပါတယ်။