ရခိုင်ပြည်နယ် အခြေစိုက် နိရဉ္စရာသတင်းဌာနရဲ့ အယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော်ကို မဟုတ်မမှန်သတင်းတွေ ရေးသားတယ်ဆိုပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ - ၆၆ (ဃ)၊ ရာဇသတ်ကြီးပုဒ်မ - ၅ဝ၅(က) တို့နဲ့ အမှုဖွင့်ထား ကြောင်း ရခိုင်ပြည်နယ် စစ်ကောင်စီရဲ့ ရခိုင်နေ့စဉ်သတင်းစာက ဒီနေ့ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ ရက်နေ့က မြောက်ဦးမြို့မှာ မိုင်းနင်းမိသေဆုံးသွားတဲ့ ကိုသန်း ကျော်နိုင်ရဲ့ သတင်း ကို ရေးသားဖော်ပြရာမှာ အဲဒီမိုင်းဟာ စစ်ကောင်စီတပ်က ထောင်ထား တဲ့မိုင်းဖြစ်တယ်လို့ ရေးသားဖော်ပြခဲ့တဲ့ အတွက် စစ်တွေမြို့မရဲစခန်းမှာ အမှုဖွင့်ခံထားရ တာပါ။
အဲဒီနေ့က ရေးသားဖော်ပြခဲ့တဲ့သတင်းဟာ ဒေသခံတွေကို တိတိကျကျမေးမြန်းပြီးမှ ရေးသားခဲ့တာဖြစ်ပြီး စစ်ကောင်စီက လုပ်ကြံပြီး အမှုဖွင့်တာဖြစ်တယ်လို့ နိရဉ္စရာ သတင်းဌာန အယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော်က RFA ကို ပြောပါတယ်။
အခု စစ်ကောင်စီက အမှုဖွင့်ထားတာကို တရားရင်ဆိုင်သွားမှာ မဟုတ်ဘူးလို့လည်း ဦးခိုင်မြတ်ကျော်က ပြောပါတယ်။
“ကျနော်တို့ သတင်းလုပ်တာက ဒေသခံတွေ သေသေချာချာမေးပြီးတော့ သတင်းလုပ်တာပါ။ ဒီမိုင်းကို ဘယ်သူ ထောင်လဲဆိုတာ မြောက်ဦးတစ်မြို့လုံးသိပါတယ်။ အခု ရခိုင်မှာ ဖြစ်နေတဲ့ ပြဿနာ တွေကိုကြည့်လိုက်။ လက်နက်ကြီးပစ်နေတာ အိမ်တွေကို မီးရှို့နေတာ ဘယ်သူတွေလဲ။ ဒါက စစ်အုပ်စုက ကျူးလွန်နေတယ်ဆိုတာ လူတိုင်းသိတာပဲ။ သူတို့လုပ်တာကို တခြားသူတွေကို လွှဲချချင်တဲ့အတွက် သူတို့က ကြံဖန်ပြီးတော့ တရားစွဲတာပေါ့”စစ်ကောင်စီကတော့ အဲဒီနေ့က ပေါက်ကွဲတဲ့မိုင်းဟာ ရက္ခိုင့်တပ်တော် (AA) က ထောင် ထားတဲ့ ဒေသန္တရ လက်လုပ်မိုင်းဖြစ်ပြီး လူထုအထင် အမြင်လွဲမှားအောင် မဟုတ်မမှန် သတင်းတွေ ရေးသားဖော်ပြခဲ့တာလို့လည်း ရခိုင်နေ့စဉ်သတင်းစာမှာ စွပ်စွဲပြောဆိုထား ပါတယ်။
အခုလို နိရဉ္စရာသတင်းဌာနက အယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော်ကို အမှုဖွင့်ထားတာနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကို RFA ဖုန်းနဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။
ရခိုင်ပြည်နယ် စစ်တွေမြို့မှာရှိတဲ့ နိရဉ္စရာသတင်းဌာနရုံးခန်းကို ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့ ကလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်၊ ရဲ၊ စရဖနဲ့ အရပ်ဝတ်နဲ့ လူတစ်စုဝင်ရောက်ရှာဖွေခဲ့ပြီး ရုံးကို ယာယီရပ်နားခဲ့ရပါတယ်။
လက်ရှိမှာတော့ စစ်တွေမြို့မှာရှိတဲ့ ရုံးကို ပိတ်ထားရပြီး သတင်းထောက်တွေဟာ လုံခြုံတဲ့ နေရာတွေကနေ သတင်းရေးသားဖော်ပြနေကြရတာပါ။
အလားတူပဲ ရခိုင်ပြည်နယ် အခြေစိုက်သတင်းဌာနတွေဖြစ်တဲ့ Development Media Group နဲ့ Western News သတင်းဌာနာတွေက အယ်ဒီတာချုပ်တွေအပါအဝင် တာဝန်ခံ အယ်ဒီတာနဲ့ သတင်းထောက်တစ်ဦး လည်း တရားစွဲခံထားရပါတယ်။