စစ်ကောင်စီကို ဝေဖန်ရေးသားတယ် ဆိုတဲ့စွပ်စွဲချက်နဲ့ ရခိုင်မှာ အမျိုးသမီးနှစ်ဦး ဖမ်းဆီးခံရ

ရခိုင်ပြည်နယ်၊ သံတွဲနဲ့ အမ်းမြို့မှာနေထိုင်တဲ့ အမျိုးသမီးနှစ်ဦးကို လူမှုကွန်ရက်မှာ စစ်ကောင်စီကို ဝေဖန်ရေးသားတာနဲ့ ဆူပူလှုံ့ဆော်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာလ ၇ ရက်နေ့က ရခိုင်ပြည်နယ် အမ်းမြို့၊ ဈေးတောင်ရပ်ကွက်မှာ နေထိုင်တဲ့ မတင်နီလာအောင်နဲ့ ဒီဇင်ဘာ ၈ ရက်နေ့မှာ သံတွဲမြို့ အမှတ်(၁) ရပ်ကွက်မှာနေထိုင်တဲ့ မမိမိခိုင်တို့ ဖမ်းဆီးခံခဲ့ရတာပါ။

နိုင်ငံတော် တည်ငြိမ်ရေးကို ပျက်ပြားစေတဲ့ အကြောင်းအရာတွေ လူမှုကွန်ရက်စာမျက်နှာမှာ လှုံ့ဆော်တာ၊ ဝါဒဖြန့်တာတွေ လုပ်ဆောင်ခဲ့တာကြောင့် သူတို့နှစ်ဦးကို ဖမ်းဆီးထားကြောင်း စစ်ကောင်စီ လက်အောက်ခံ သတင်းစာတွေမှာလည်း ဖော်ပြထားပါတယ်။

ဖမ်းဆီးခံရသူတွေကို သက်ဆိုင်ရာ ရဲစခန်းတွေမှာ တရားစွဲဆို အရေးယူမယ်လို့လည်း ဆိုပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရခိုင်ပြည်နယ်ထဲက နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တစ်ဦးကတော့ ရခိုင်မှာ တိုက်ပွဲတွေ ဖြစ်လာတာနဲ့အမျှ စစ်ကောင်စီတပ်က အရပ်သားတွေကို ပိုပြီးဖိနှိပ်လာတယ်လို့ RFA ကို ပြောပါတယ်။

“အခုနောက်ပိုင်းမှာပေါ့လေ။ လူမှုကွန်ရက်မှာ စစ်တပ်နဲ့ ပတ်သက်ပြီးတော့လည်းကောင်း၊ ရခိုင်မှာဖြစ်နေတဲ့ တိုက်ပွဲတွေကိုလည်းကောင်း ရေးသားဖော်ပြနေတဲ့ အခြေအနေတွေကို စစ်ကောင်စီဘက်က သတိထား စောင့်ကြည့်နေတယ်။ မီဒီယာတွေပေါ်မှာ မှတ်ချက်ရေးတာ၊ ပိုစ့်တွေကို မျှဝေတာကအစပေါ့လေ။ တော်တော်လေး စောင့်ကြည့်နေတယ်။ စစ်ကောင်စီက စစ်ရေးအရ အရေးနိမ့်လာတော့ ဒီလို လုပ်လာတာ”

ရခိုင်ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ သတိထား စောင့်ကြည့်မှုတွေကို သိထားဖို့ လိုတယ်လို့လည်း ဆိုပါတယ်။

ရခိုင်အခြေစိုက် သတင်းဌာနတွေက ရေသားတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ မျှဝေတာ၊ မှတ်ချက်ပေးတာတွေကို စောင့်ကြည့် အရေးယူသွားမယ်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးစာမျက်နှာ ရခိုင်နေ့စဉ်နဲ့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေမှာ ဒီဇင်ဘာ ၅ ရက်နဲ့ ၇ ရက်မှာ ဆက်တိုက် ဖော်ပြခဲ့ပါတယ်။

အရပ်သားတွေ ဖမ်းဆီးခံရတာနဲ့ ပတ်သက်လို့ အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

လူမှုကွန်ရက်မှာ ဝေဖန်ရေးသားသူတွေကို ဖမ်းဆီး အရေးယူမယ်လို့ စစ်ကောင်စီက စတင်ကြေညာပြီးနောက် ၂၀၂၃ ခုနှစ် စက်တင်ဘာ လကုန်အထိ အဖမ်းခံရသူ ၁၃၁၆ ဦးအထိ ရှိတယ်လို့ Data for Myanmar အဖွဲ့က အောက်တိုဘာ ၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။