ရခိုင်နဲ့ ပလက်ဝမြို့နယ်မှာ တစ်ရက်အတွင်း တိုက်ပွဲ ငါးကြိမ်ဖြစ်ပွား

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ နိုဝင်ဘာ ၈ ရက်နေ့ တစ်ရက် တည်းမှာပင် စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ နေရာငါးခုမှာ တိုက်ပွဲငါးကြိမ် ဖြစ်ပွားခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က နိုဝင်ဘာလ ၉ ရက် မနေ့ကထုတ်ပြန်ပါတယ်။

မင်းပြား၊ အမ်း၊ မောင်တော စတဲ့မြို့နယ်တွေနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ လက်နက်ကြီး၊ ဒရုန်း၊ ဂျက်တိုက်လေယာဉ်တွေနဲ့ နေ့၊ ည အချိန်မရွေး ရမ်းသန်းပစ်ခတ် တိုက်ခိုက်နေပြီး အပြစ်မဲ့ပြည်သူတွေကို မတရားဖမ်းဆီးတာ၊ ပစ်ခတ် သတ်ဖြတ်တာတွေလည်း ဆက်တိုက်လုပ်ဆောင်နေတယ်လို့လည်း AA ရဲ့ ထုတ်ပြန်ချက် မှာ ပါရှိပါတယ်။

တစ်ဖက်မှာလည်း စစ်ကောင်စီတပ်က ရက္ခိုင့်တပ်တော် (AA) ရဲ့ နေရာတွေကို တစ်ပြိုင်နက် ဝင်ရောက်တိုက်ခိုက်တာတွေလုပ်ဆောင်နေပြီး တစ်ရက်တည်း နေရာငါးခုမှာ တိုက်ပွဲငါးကြိမ် ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၀ ဦးခန့်သေဆုံးပြီး ဒဏ်ရာရသူတချို့ရှိခဲ့သလို စစ်အသုံးအဆောင်ပစ္စည်းတချို့နဲ့ လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ် လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီထုတ်ပြန်ချက်ပါ စစ်ကောင်စီတပ်သား သေဆုံးအရေအတွက်နဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

တိုက်ပွဲဖြစ်စဉ်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီက တစ်စုံတစ်ရာထုတ်ပြန်တာမရှိသလို ရခိုင်ပြည်နယ် စစ်ကောင်စီရဲ့ ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ ပေမယ့်လည်း ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၆ ရက် နေ့ကနေ အောက်တိုဘာ ၃၁ ရက်နေ့အထိ ၆ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲရှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၂၄ ဦး သေဆုံးပြီး ၃၆ ဦးထက်မနည်းလည်း ဒဏ်ရာရသွားခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) ရဲ့ နိုဝင်ဘာလ ၁ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။