ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ တစ်ကျော့ပြန်တိုက်ပွဲတွေ စတင်တဲ့ သြဂုတ် လကစလို့ စက်တင်ဘာ ၂၇ ရက်နေ့အထိ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝဒေသတွေမှာ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ အရပ်သား ၁၇,၄၀၀ ကျော်ရှိတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA Myanmar) က မနေ့က ထုတ်ပြန်ပါတယ်။
အသွားအလာ ကန့်သတ်မှုတွေ၊ စစ်ဆေးရေးဂိတ်တွေ တိုးချထားတာတွေ၊ လမ်းပိတ် ဆို့မှုတွေနဲ့ လူသားချင်း စာနာမှုဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုတွေကို ကန့်သတ်မှုတွေ ကြောင့် သူတို့တွေဟာ လက်ရှိ အခက်အခဲ ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီဟာ ရခိုင်ပြည်နယ်က မြို့နယ်ခြောက်ခုမှာ ကုလသမဂ္ဂအဖွဲ့အစည်းတွေ အပါအဝင် INGO၊ NGO တွေအားလုံးကို သွားလာခွင့်နဲ့ လူသားချင်းစာနာမှု အကူအညီ ပေးရေးကိစ္စတွေကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက် နေ့ကစလို့ ပိတ်ပင်တားမြစ်ထား ပါတယ်။
ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြားနဲ့ မြေပုံမြို့နယ်တွေထံ သွားလာထောက်ပံ့ခွင့်ကို ပိတ်ပင်တားမြစ်ထားတာပါ။
ဒါကြောင့် အဲဒီမြို့နယ်တွေမှာ ပြီးခဲ့တဲ့ နှစ်နှစ်ကြာတိုက်ပွဲတွေကြောင့် ခိုလှုံနေတဲ့ စစ်ဘေး ဒုက္ခသည် သုံးသောင်းလေးထောင်ကျော်နဲ့ အခု တစ်ကျော့ပြန်တိုက်ပွဲတွေကြောင့် တိုးလာ တဲ့ ဒုက္ခသည် တစ်သောင်းကျော် စားဝတ်နေရေးအခက်အခဲဖြစ်နေကြတယ်လို့ ဒုက္ခသည် တွေနဲ့ ကူညီပေးနေသူတွေက RFA ကို ပြောပါတယ်။
လက်ရှိ မြန်မာနိုင်ငံတစ်ဝန်း တိုင်းနဲ့ ပြည်နယ်အများအပြားမှာလည်း ပဋိပက္ခနဲ့ လုံခြုံရေး တင်းကျပ်မှုတွေ ဆက်လက်ဖြစ်ပွားနေပြီး အိုးအိမ်စွန့်ခွာထွက်ပြေးမှုတွေနဲ့ လူသားချင်း စာနာမှု ဆိုင်ရာအကူအညီတွေ ထပ်ပြီး လိုအပ်နေတယ်လို့လည်း UN OCHA က ပြောဆို ထားပါတယ်။
မြန်မာနိုင်ငံအတွင်းမှာ အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှု တွေကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစလို့ စက်တင်ဘာ ၂၆ ရက်နေ့အထိ အိုးအိမ် စွန့်ခွာထွက်ပြေးနေရသူ တစ်သန်းကျော်အထိရှိနေပြီလို့လည်း ဆိုပါတယ်။