လက်နက်ကြီးကြောင့် ပုဏ္ဏားကျွန်း ကျောက်ဆိပ်ရွာခံ လေးရာနီးပါး ထွက်ပြေးနေရ

2022.11.21
လက်နက်ကြီးကြောင့် ပုဏ္ဏားကျွန်း ကျောက်ဆိပ်ရွာခံ လေးရာနီးပါး ထွက်ပြေးနေရ တိုက်ပွဲများကြောင့် တိမ်းရှောင်နေရသည့် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးဒုက္ခသည်များအား ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့က တွေ့ရစဉ်။
Photo: Citizen Journalist

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် အရှေ့ဘက်မှာရှိတဲ့ ကျောက်ဆိပ်ရွာကို နိုဝင်ဘာလ ၁၉ ရက်နေ့မှာ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခဲ့တာကြောင့် ဒေသခံ လေးရာနီးပါး ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာလ ၁၉ ရက်နေ့ ည ၆ နာရီကျော်ခန့်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျောက်ဆိပ်ရွာခံ တစ်ဦးက RFA ကို ပြောပါတယ်။

"အဲဒီညက ၆ နာရီကျော်ကတည်းက ပစ်နေပြီ။ AA တပ်တွေ ရှိတယ်ဆိုပြီး ရွာထဲကိုပစ်တာ၊ ပုဏ္ဏားကျွန်းမြို့နယ်က ခမရ (၅၅၀) တပ်ရင်းကနေ ပစ်တာ။ ၆ နာရီမှာပစ်ပြီး ခဏနားတယ် ၈ နာရီလောက်ကြတော့ ထပ်ပစ်တာ။ စားနေတဲ့ ထမင်းလုပ်ပါ ပြုတ်ကြတယ်။ ရွာရှိလူအကုန် ထွက်ပြေးကြရတာပေါ့"

အဲဒီရွာဟာ ပုဏ္ဏားကျွန်းမြို့နယ်နဲ့ နှစ်မိုင်အကွာမှာရှိပြီး အိမ်ခြေတစ်ရာကျော်နဲ့ လူဦးရေ လေးရာနီးပါး နေထိုင်ကြသလို လက်ရှိ ပုဏ္ဏားကျွန်းမြို့ပေါ်နဲ့ နီးစပ်ရာရွာတွေကို ရွာလုံးကျွတ် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒီပစ်ခတ်မှုကြောင့် ရွာထဲက နေအိမ်တချို့ ထိခိုက်ပျက်စီးတာတွေရှိပေမယ့် ရွာကို မပြန်ရဲသေးတာကြောင့် အရေအတွက် အတိအကျ မသိရသေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေပြောဆိုမှုနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၆ ရက်နေ့ကလည်း ကျောက်တော်မြို့နယ်က ချောင်းတူရွာကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံသုံးဦးသေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။