ရခိုင်နဲ့ ပလက်ဝမြို့နယ်က စစ်ဘေးဒုက္ခသည် တစ်သိန်းနီးပါး အကူညီတွေလိုအပ်

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ စစ်ဘေးဒုက္ခသည် တစ်သိန်း နီးပါးထိရှိလာပြီး သူတို့အတွက် အကူညီတွေ ပြန်လည်ဝင်ရောက်ပေးနိုင်ခွင့်ရဖို့ မျှော်လင့်နေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင် ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) က ဒီဇင်ဘာ ၈ ရက် မနေ့က ထုတ်ပြန်ပါတယ်။

ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ တစ်ကျော့ပြန်တိုက်ပွဲ ၄ လတာကာလ အတွင်းမှာ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရသူ ၂၃,၇၀၀ ကျော်ရှိခဲ့ပြီး အရင်ကဖြစ်ခဲ့တဲ့ စစ်ရေးပဋိပက္ခအတွင်း ထွက်ပြေးခဲ့ရတဲ့ ဒုက္ခသည် အပါအဝင် စုစုပေါင်း ၉၈,၀၀၀ ကျော်ထိရှိလာတာလို့ ဆိုပါတယ်။

လက်ရှိမှာ နှစ်ဖက်အပစ်ရပ်လိုက်ပြီဖြစ်လို့ မြို့နယ်အများအပြားမှာ ကန့်သတ်ခံထားရတဲ့ လူမှုကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့ အရပ်သားသွားလာမှုတွေကို ဖြေလျှော့ပြီး အကူအညီတွေ ပြန်ပေးနိုင်ဖို့ မျှော်လင့်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တစ်ကျော့ပြန်တိုက်ပွဲ ပြင်းထန်ချိန် ပြီးခဲ့တဲ့ စက်တင်ဘာလကစလို့ ဘူးသီးတောင်၊ မောင်တော၊ မင်းပြား၊ မြောက်ဦး၊ မြေပုံနဲ့ ရသေ့တောင်စတဲ့ မြို့နယ်ခြောက်မြို့နယ်ကို ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေ အပါအဝင် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းတွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ပေးရေးသွားလာခွင့်ကို စစ်ကောင်စီက ပိတ်ပင်ထားတာပါ။

အဲဒီနောက် နိုဝင်ဘာအတွင်းမှာလည်း ကျောက်တော်မြို့နယ်နဲ့ ပေါက်တောမြို့နယ်ကို ထပ်မံပိတ်ပင်ခဲ့ပါတယ်။

ဒါကြောင့် အဲဒီအဖွဲ့အစည်းတွေရဲ့ အကူအညီအထောက်အပံ့တွေကို အဓိက အမှီပြုနေရတဲ့ ရခိုင်စစ်ဘေးဒုက္ခသည် ခြောက်သောင်းလောက်နဲ့ ပေါက်တောမြို့နယ်မှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည် သုံးသောင်းခြောက်ထောင်ကျော်ဟာ စားဝတ်နေရေး အခက်အခဲဖြစ်နေတယ်လို့ ဒုက္ခသည်တွေက RFA ကို ပြောပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို စစ်ကောင်စီက ပိတ်ပင်ထားတာနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ကစလို့ တစ်ကျော့ပြန်တိုက်ပွဲ ပြင်းထန်ခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၂၆ ရက်နေ့မှာတော့ လူသားချင်းစာနာမှုဆိုင်ရာ ယာယီအပစ်ရပ်ခဲ့ကြတာ ဖြစ်ပါတယ်။