အထက်မြတ်လှဲဒုက္ခသည်စခန်းမှာ နေထိုင်စားသောက်ရေး ခက်ခဲနေ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် အထက်မြတ်လှဲ ဒုက္ခသည်စခန်းမှာနေထိုင်ကြတဲ့ စစ်ဘေးဒုက္ခသည်တွေကို တွေ့ရစဥ်။
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် အထက်မြတ်လှဲ ဒုက္ခသည်စခန်းမှာနေထိုင်ကြတဲ့ စစ်ဘေးဒုက္ခသည်တွေကို တွေ့ရစဥ်။ (Photo: Kaung Mrat Naing / MPA)

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်က အထက်မြတ်လှဲ စစ်ဘေးဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ စစ်ဘေး ဒုက္ခသည်တွေဟာ စားသောက်ရေးအပြင် နေထိုင်ရေး အခက်အခဲတွေနဲ့ပါ ရင်ဆိုင်နေရတယ်လို့ ဒုက္ခသည် စခန်းတာဝန်ခံ ဦးဖြူသာအောင် က RFA ကို ဒီကနေ့ပြောပါတယ်။

စားသောက်ရေးအတွက် စစ်ကောင်စီလက်အောက်ခံ ဘေးစီမံဌာနက ထောက်ပံ့တဲ့ လူတစ်ဦး တစ်နေ့ ဆန်နို့ဆီဗူး နှစ်ဗူးသာရရှိပြီး ကျန်တဲ့ ဆီ၊ ဆား၊ ငရုတ် အပြင် အခြားမီးဖိုချောင်သုံးပစ္စည်းတွေ အခက်အခဲ ဖြစ်နေတာလို့ဆိုပါတယ်။

အဲဒီ ဒုက္ခသည်စခန်းမှာ အဆောင် ၁၃၇ ဆောင်ရှိတဲ့အနက် အဆောင် ၃၀ ကျော်ဟာ ပျက်စီးမှုအများ အပြားရှိနေသလို ကျန်တဲ့အဆောင်အားလုံးနီးပါးကလည်း ပြုပြင်ဖို့လိုအပ်နေပြီလို့ ဦးဖြူသာအောင်က ပြောပါတယ်။

အဆောင်တွေပျက်စီးနေပေမယ့် အလုပ်အကိုင်မရှိတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ ငွေကြေးအခက်အခဲကြောင့် ဖြစ်သလိုပြုပြင်နေထိုင်နေကြရတယ်လို့လည်း ဆိုပါတယ်။

အထက်မြတ်လှဲ စစ်ဘေးဒုက္ခသည်စခန်းမှာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလကစပြီး ကျောက်တော်မြို့နယ် ထဲက ခမောင်း၊ ကင်ပိ၊ ငါးစင်ရိုင်းကိုင်း၊ သဲဝ စတဲ့ရွာတွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်ထဲက ဆင်သီဖျား၊ အဝပြန် စတဲ့ ရွာတွေက စစ်ဘေးဒုက္ခသည် ၇၀၀ ကျော် ခိုလှုံနေကြတာပါ။

ရခိုင်ပြည်နယ်မှာ လက်ရှိ တိုက်ပွဲတွေမရှိတော့ပေမယ့် စစ်ဘေးဒုက္ခသည်တွေကတော့ သူတို့ရဲ့နေအိမ်တွေ ပျက်စီးသွားတာအပြင် မိုင်းအန္တရာယ်လည်း ရှိနေသေးတာကြောင့် နေရပ်ကိုပြန်ဖို့ အဆင်မပြေကြသေးတာပါ။

ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ စစ်ရေးပဋိပက္ခကာလအတွင်း နေရပ်စွန့်ခွာထွက်ပြေး ခဲ့ရတဲ့ စစ်ဘေးဒုက္ခသည် အများအပြား ရှိခဲ့ပြီး အဲဒီအထဲမှာ စစ်ဘေးဒုက္ခသည် ရှစ်သောင်းကျော်ကတော့ ဒီနေ့အချိန် အထိ နေရပ်ပြန်လို့မရသေးဘူးလို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး (REC) ရဲ့ စာရင်းတွေအရ သိရပါတယ်။