ရခိုင်ဝန်ကြီးချုပ် ဦးညီပု အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၉ နှစ် ထပ်မံချမှတ်ခံရ

2022.01.19
ရခိုင်ဝန်ကြီးချုပ် ဦးညီပု အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၉ နှစ် ထပ်မံချမှတ်ခံရ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်နေ့က စစ်တွေမြို့တွင် တွေ့ရစဉ်။
File Photo: RFA

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုကို စစ်ကောင်စီက အဂတိလိုက်စားမှု စွပ်စွဲချက်နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၉ နှစ် ဒီကနေ့ ထပ်မံ ချမှတ်လိုက်တယ်လို့ အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေ ဦးကျော်စိုးလင်းက RFA ကို ပြောပါတယ်။

"အဂတိလိုက်စားမှု ပုဒ်မ ၅၅ တစ်ခုတည်းနဲ့ အမှုပေါင်းသုံးမှုစွဲထားတာ။ စွဲတဲ့ အကြောင်းအရာမတူဘူး။ အဲ့ဒီသုံးမှုအတွက် တစ်မှုကို သုံးနှစ်စီ ချလိုက်တာ" လို့ သဇင်ဥပဒေအထောက်အကူပြုအဖွဲ့က ရှေ့နေဦးကျော်စိုးလင်းက ပြောပါတယ်။

ဦးညီပုကို ရခိုင်ပြည်နယ် ဂွမြို့ ဂုံးသောင်မြေမှာ တန်ဖိုးနည်းအိမ်ယာဆောက်လုပ်တာ၊ နိုင်ငံပိုင် အဆောက်အဦးကို အထည်ချုပ်လုပ်ငန်းလုပ်ဖို့ တခြားကုမ္ပဏီတစ်ခုကို ငှားရမ်းတာ၊ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေတွေကို အလွှဲသုံးစားလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ စစ်ကောင်စီက တရားစွဲထားတာ ဖြစ်ပါတယ်။

ဒီအမှုတွဲမှာ ဝန်ကြီးချုပ် ဦးညီပုနဲ့ အတူ NLD အစိုးရ လက်ထက် ရခိုင်ပြည်နယ်ဝန်ကြီးတွေဖြစ်တဲ့ လျှပ်စစ်စက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ ဘဏ္ဍာအခွန် စီမံကိန်းနဲ့ စီးပွားရေး ဝန်ကြီး ဦးကျော်အေးသိန်း၊ စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်နဲ့ စိုက်ပျိုးမွေးမြူရေး သစ်တောနဲ့ သတ္ထုတွင်းဝန်ကြီး ဦးကျော်လွင် တို့လည်း စွဲချက်တင်ခံထားရတာပါ။

သူတို့တွေကိုလည်း စွပ်စွဲခံထားရတဲ့ အမှုတစ်ခုချင်းအလိုက် အလုပ်ကြမ်းနဲ့ ထောင်ဒဏ်သုံးနှစ်စီ ဒီကနေ့ ချမှတ်လိုက်တယ်လို့ ရှေ့နေက ပြောပါတယ်။

ဝန်ကြီးချုပ်ရဲ့ အမှုအတွက် အယူခံတက်ဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။ လက်ရှိသူ့ကို စစ်တွေ အကျဉ်းထောင်မှာ ဖမ်းဆီးထားပြီး ကျန်းမာရေး ကောင်းမွန်တယ်လို့ ဆိုပါတယ်။

ဦးညီပုကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ) နဲ့လည်း စစ်ကောင်စီက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ်နှစ် ချမှတ်ထားပြီးဖြစ်ပါတယ်။ အာဏာသိမ်းပြီး ၁၃ ရက်အကြာ NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်တဲ့ ကြေညာချက်နဲ့ ပတ်သက်တဲ့ အမှုပါ။

ဒီကနေ့ အမိန့်ချမှတ်လိုက်တဲ့ ထောင်ဒဏ် ကိုးနှစ်နဲ့ပေါင်းရင် ဦးညီပုဟာ စုစုပေါင်း အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၁၁) နှစ်ကျခံရပါမယ်။

အဲ့ဒါအပြင် ၂၀၂၀ ရွေးကောက်ပွဲမှာ အလွဲသုံးစားလုပ်တာတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရာဇသတ်ကြီးပုဒ်မ (၁၃၀) နဲ့ ပုဒ်မ (၁၀၉) တို့နဲ့လည်း ထပ်တရားစွဲခံထားရတာလည်း ရှိတယ်လို့ ရှေ့နေကပြောပါတယ်။

စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ဒီနေ့အထိ NLD ပါတီခေါင်းဆောင်တွေအပါအဝင် NLD အစိုးရလက်ထက်က တာဝန်ယူခဲ့သူတွေ အဂတိမှုနဲ့ တရားစွဲဆိုခံနေရတာ ၅၅ ဦးထက်မနည်း ရှိပါတယ်။

သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ် ကိုးဦး၊ ပြည်ထောင်စုအဆင့်ဝန်ကြီး၊ ဒုဝန်ကြီး ရှစ်ဦး၊ တိုင်းလွှတ်တော်ဥက္ကဋ္ဌ တစ်ဦး၊ တိုင်းနဲ့ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီး ၂၇ ဦးနဲ့ အခြားအဆင့် ရှစ်ဦး၊ စုစုပေါင်း ၅၅ ဦး တရားစွဲဆိုခံထားရတာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။