ရမ်းဗြဲမှာ AA နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်နေတာကြောင့် မြို့လုံးကျွတ် ထွက်ပြေးနေရ

RFA Burmese
2023.12.18
ရမ်းဗြဲမှာ AA နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်နေတာကြောင့် မြို့လုံးကျွတ် ထွက်ပြေးနေရ ရမ်းဗြဲမြို့တွင် စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲကြောင့် ထွက်ပြေးရသည့် ဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့မှာ ဒီဇင်ဘာ ၁၈ ရက်ဒီနေ့ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်နေတာကြောင့် လူဦးရေတစ်သောင်းကျော် မြို့လုံးကျွတ်ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်အပြင် ရေတပ် (Navy) ကနေပါ လက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် အရပ်သားနှစ်ဦး ဒဏ်ရာခဲ့တယ်လို့လည်း ဆိုပါတယ်။

ရမ်းဗြဲမြို့ပေါ်က ဒေသခံတွေကတော့ လက်ရှိ အခြားနယ်ဘက်တွေနဲ့ လုံခြုံမယ့်နေရာတွေ ဆီ ထွက်ပြေးခိုလှုံ နေကြရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“တိုက်ပွဲက မနက် ၈ နာရီက စဖြစ်တာပါ။ အခု မြို့ကနေထွက်ဖို့ စစ်ကောင်စီတပ်က တစ်နာရီခွဲ အချိန်ပေးတယ်လို့ သိရတယ်။ ဒါကြောင့် ကျွန်တော်တို့တော့ နယ်ဘက်ကိုပြေးနေပြီ။ တစ်မြို့လုံး ပြေးနေကြတာပါ”

ရမ်းဗြဲမြို့ လောင်းချောင်း အမှတ် (၅) ရပ်ကွက်မှာ ဒီနေ့မနက်ပိုင်း အရပ်ဝတ်နဲ့ စစ်ကောင်စီတပ်သားတွေဟာ မြို့ခံတွေကို AA နဲ့ပတ်သက်ပြီး ခြိမ်းခြောက်မေးမြန်း ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီစစ်ကောင်စီတပ်သားတွေ ပြန်သွားပြီး မကြာခင်မှာဘဲ ရက္ခိုင့်တပ်တော် (AA) က ကြားဖြတ် တိုက်ခိုက်ခဲ့သလို သိမ်တောင်ဘုရားမှာ တပ်စွဲထားတဲ့ တပ်စခန်းကိုပါ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နေ့လယ်ပိုင်းအထိ လေကြောင်းနဲ့ပစ်ခတ်တာ လေးကြိမ်အထိရှိနေပြီး သံဇစ်မြစ်မှာရှိတဲ့ စစ်ကောင်စီရေတပ်နဲ့ အလယ်တိမ်တောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

ရမ်းဗြဲမြို့ခံတချို့ကို စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားတယ်လို့ သတင်းတွေ ထွက်နေပေမယ့် ဒေသခံတွေ အနေနဲ့ တိတိကျကျမသိရသေးသလို RFA အနေနဲ့လည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။

ရမ်းဗြဲ တိုက်ပွဲနဲ့ပတ်သက်ပြီး ရက္ခိုင့်တပ်တော် (AA) ကရော စစ်ကောင်စီကပါ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။