မြေရှားသတ္တုတူးတဲ့အပေါ် ကန့်ကွက်တာကြောင့် KIA က ဖမ်းဆီးခဲ့တဲ့ ဒေသခံတွေ ခံဝန်နဲ့ ပြန်လွတ်လာ

RFA Burmese
2024.02.27
မြေရှားသတ္တုတူးတဲ့အပေါ် ကန့်ကွက်တာကြောင့် KIA က ဖမ်းဆီးခဲ့တဲ့ ဒေသခံတွေ ခံဝန်နဲ့ ပြန်လွတ်လာ ကချင်ပြည်နယ်၊ ချီဖွေမြို့နယ် ဖရဲရွာမှ မြေရှားသတ္တုတူးဖော်မှုအပေါ် ကန့်ကွက်ဆန္ဒပြခဲ့သည့် ဒေသခံများအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ် ဖရဲရွာက မြေရှားသတ္တုတူးဖော်မှုကို ကန့်ကွက်တာကြောင့် KIA က ဖမ်းဆီးထားရတဲ့ ဒေသခံတွေ ခံဝန်နဲ့ ပြန်လွတ်လာပြီဖြစ်ပေမယ့် မြေရှားသတ္တုတူးဖော်မှုတွေကိုတော့ ဆက်လုပ်နေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖရဲရွာခံတွေဟာ သူတို့ သောက်သုံးရေယူနေတဲ့ နေရာအနီးမှာ မြေရှားသတ္တုတူးဖော်လာတဲ့အပေါ် ဖေဖော်ဝါရီ ၅ ရက်က သတ္တုတူးဖော်နေတဲ့ ကုမ္ပဏီဆီကိုသွားပြီး ရပ်ဆိုင်းပေးဖို့ တောင်းဆိုခဲ့တာကြောင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတာပါ။

ဘာသာရေးဆရာ၊ ကျောင်းဆရာတွေအပါ ဒေသခံ အယောက် ၄၀ ကျော်ကို (KIA) က ဖမ်းဆီးခဲ့ပြီး ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ နောက်နောင်ကန့်ကွက်တာတွေ ပြန်မလုပ်ဖို့ ခံဝန်လက်မှတ်ထိုးခိုင်းပြီး ပြန်လွှတ်ပေးတာလို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“တချို့ကို ဖမ်းဆီးပြီး တစ်ပတ်၊ ၁၀ ရက်လောက်ဆို လွှတ်တယ်။ ဦးဆောင်သူလို့ သူတို့ထင်တဲ့ဟာတွေ ကိုတော့ နောက်ဆုံးမှ လွှတ်တယ်။ ၂၃ ရက်လောက်က အားလုံးလွတ်လာပြီ။ နောက်ထပ် အခုလိုကန့်ကွက်တာတွေ ထပ်မလုပ်ဖို့ လက်မှတ်ထိုးခိုင်းပြီး ပြန်လွှတ်ပေးတယ်။ မြေရှားတူးတာကတော့ အခုထိ တူးဖော်နေဆဲပဲ။ ကျွန်တော်တို့ ရေယူတဲ့နေရာမှာလည်း ဆက်တူးမယ်ထင်တယ်။ တူးဖော်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဖြေရှင်းပေးတာ မရှိသေးဘူး”

ဒေသခံတွေကတော့ သောက်သုံးရေယူတဲ့နေရာမှာ မြေရှားမတူးဖော်ဖို့ ဆက်လက်ကန့်ကွက်သွားမယ်လို့ ပြောပါတယ်။

KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဆန္ဒထုတ်ဖော်တဲ့အကြောင်းအရင်းကို မေးမြန်းဖို့ ထိန်းသိမ်းထားတာဖြစ်ပြီး မြေရှားသတ္တုနဲ့ ပတ်သက်ပြီး ဖွဲ့စည်းထားတဲ့ကော်မတီတွေရဲ့ ဖြေရှင်းချက်ကို စောင့်ကြည့်ရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

လူဦးရေတစ်ထောင်ကျော်ရှိတဲ့ ဖရဲရွာမှာ (KIA) ရဲ့ ခွင့်ပြုချက်နဲ့ ၂၀၂၃ စက်တင်ဘာလကစပြီး မြေရှားသတ္တုတူးဖော်မှုတွေ စတင်ခဲ့တာဖြစ်သလို အခုချိန်အထိ သတ္တုဆိုက် ငါးခုရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။

ကချင်ပြည်နယ်မှာ မြေရှားသတ္တုတူးဖော်မှုကို ဦးဇခုန်တိန့်ယိန်းရဲ့ ပြည်သူ့စစ်အဖွဲ့တွေအုပ်ချုပ်တဲ့ ချီဖွေမြို့နယ်၊ တရုတ်ပြည်နယ်စပ် ဒေသတွေဖြစ်တဲ့ ပန်ဝါမြို့အနီးတစ်ဝိုက်နဲ့ ချန်းမော်ခုန်းဒေသမှာ အဓိကတူးဖော်ကြပါတယ်။

ဒါ့အပြင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ထိန်းချုပ်နယ်မြေဖြစ်တဲ့ မိုင်ဂျာယန်မြို့အနီး အင်ခေါင်းပါ (N Hkawng Pa) စစ်ဘေးဒုက္ခသည်စခန်းနားနဲ့ ချီဖွေမြို့နယ် ဖရဲရွာမှာလည်း တူးဖော်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။