တွေ့ဆုံဆွေးနွေးရေးကမ်းလှမ်းတာ စစ်ကောင်စီကြောင့် မဟုတ်ကြောင်း RCSS ပြော

ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA) အနေနဲ့ ရှမ်းပြည်နယ်အတွင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆွေးဆုံဆွေးနွေးဖို့ ကမ်းလှမ်းတာဟာ စစ်ကောင်စီဘက်က ကြားဝင် ညှိနှိုင်းခိုင်းလို့ လုံးဝမဟုတ်ကြောင်း RCSS ပြောခွင့်ရသူက ငြင်းဆိုလိုက်ပါတယ်။

ရှမ်းပြည်နယ်ထဲက နိုင်ငံရေး၊ စစ်ရေး အခြေအနေကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာနေရ တာအပြင် စိုက်ပျိုးရေး၊ စီးပွားရေး၊ စားဝတ်နေရေးနဲ့ ခရီးသွားလာရေးမှာပါ ဒုက္ခတွေနဲ့ ကြုံတွေ့နေရလို့ ရှမ်းပြည်နယ်ထဲက တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေနဲ့ အခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့ကနေ လာမယ့်နှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့အတွင်း တွေ့ဆုံနိုင်ဖို့ ကမ်းလှမ်းကြောင်း RCSS က ဒီကနေ့မှာပဲ စာထုတ်ပြန်ထားတာပါ။

တွေ့ဆုံနွေးနွေးရေး ကမ်းလှမ်းတာဟာ စစ်ကောင်စီဘက်က ကြားဝင်ညှိနှိုင်းခိုင်းလို့ ဆိုတာ မျိုး လုံး၀ မဟုတ်ဘူးလို့ RCSS ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီး အုမ်ခေးက RFA ကို ပြော ပါတယ်။

“အဲဒါမျိုးနဲ့ လုံး၀ မဆိုင်ဘူးနော်။ ကျနော်တို့ အဖွဲ့အနေနဲ့ ရှမ်းပြည်ထဲမှာ ဖြစ်ပျက်နေတဲ့ ပြဿနာကိစ္စကိုပဲ အဓိကထားပြီးတော့ ထုတ်ရတာပဲ ဖြစ်ပါတယ်”

RCSS အနေနဲ့ တွေ့ဆုံဆွေးနွေးရေး နည်းလမ်းကနေပဲ နိုင်ငံရေး၊ စစ်ရေးပြဿနာကို ဖြေရှင်းနိုင်မှာ ဖြစ်တယ်ဆိုတဲ့ ပေါ်လစီချမှတ်ထားကြောင်းလည်း RCSS ရဲ့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။

RCSS တပ်ဖွဲ့ ဟာ ရှမ်းပြည်နယ်အတွင်းမှာ ၂၀၁၅ ခုနှစ် ကနေ အခုနှစ် နှစ်ဆန်းပိုင်းအထိ တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး “၀” တပ်ဖွဲ့ UWSA နဲ့လည်း ရှမ်းပြည် အရှေ့ပိုင်းမှာ စစ်ရေးတင်းမာခဲ့တာပါ။

ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အပါအဝင် မြို့နယ်အချို့မှာ ဖြစ်ခဲ့တဲ့ SSPP နဲ့ RCSS တိုက်ပွဲတွေမှာ UWSA က ဝင်ရောက် တိုက်ခိုက်ပေးခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ ပေမယ့် UWSA ကတော့ အဲဒီ ကိစ္စအပေါ် ငြင်းဆိုထားပါတယ်။

တိုက်ပွဲတွေနဲ့ပတ်သက်ပြီး နှစ်ဖက်ဆွေးနွေးကြဖို့နဲ့ တိုက်ပွဲတွေရပ်တန့်ရေး ရှမ်းလူထုနဲ့ သံဃာတွေအပါအဝင် ရှမ်းနိုင်ငံရေးပါတီတွေက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထံ အကြိမ်ကြိမ် တောင်းဆိုခဲ့ပေမယ့် ဒီနေ့အထိ တွေ့ဆုံနိုင်တာ မရှိသေးပါဘူး။

RCSS ရဲ့ အခုလို ကမ်လှမ်းမှုနဲ့ပတ်သက်လို့ ရှမ်းပြည်နယ်ထဲက တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေရဲ့ သဘောထားကို သိနိုင်ဖို့ အဲဒီအဖွဲ့တွေထံ RFA က ဖုန်းနဲ့ ဆက်သွယ်မေး မြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။

RCSS တပ်ဖွဲ့ဟာ ၂၀၁၅ ခုနှစ်မှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) မှာ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဖြစ်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်မှုကိုလည်း နှစ်ကြိမ်တိတိ တက်ရောက်ထားတဲ့အဖွဲ့ ဖြစ်ပါ တယ်။