TNLA နဲ့ RCSS ၃ ရက်အတွင်း တိုက်ပွဲ ၅ ကြိမ်ဖြစ်
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ် မတော် PSLF/TNLA နဲ့ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ RCSS တို့ကြား အခုလ ၁၃ ရက်နေ့ကနေ ၁၅ ရက်နေ့အတွင်း တိုက်ပွဲ ၅ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ TNLA ဘက်က ပြောပါတယ်။
-
2017-05-16 -
-
-
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PSLF/TNLA နဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS တို့ကြား အခုလ ၁၃ ရက်နေ့ကနေ ၁၅ ရက်နေ့အတွင်း တိုက်ပွဲ ၅ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ TNLA ဘက်က ပြောပါ တယ်။
ဧပြီလကုန်ပိုင်းမှာ အစိုးရတပ်မတော်၊ တပ်မ ၈၈ ကမန်တုံမြို့နယ်ကို ဝင်လာပြီးနောက် RCSS တပ်တွေကလည်း အခုလလယ်ပိုင်းမှာ ကျောက်မဲမြို့နယ်ကို ဝင်ရောက်လာပြီး တိုက်ပွဲတွေ ပြန်ဖြစ်လာတာ ဖြစ်တယ်လို့ TNLA ရဲ့ ပြန် ကြားရေးတာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော် ကပြောပါတယ်။
"RCSS နဲ့က ပြီးခဲ့တဲ့ ဒီဇင်ဘာလောက်ကတည်းက တိုက်ပွဲထိတွေ့မှုတော့ မရှိဘူး။ ဒီတလောမှ ပြန်ဖြစ် လာတယ်။ မြန်မာ့တပ်မတော်ဘက်က တပ်မ ၈၈ တက်လာတယ်။ တက်လာပြီးမှ ဒီ RCSS ရောက်လာ တယ်။ RCSS ကတော့မူလကတည်းက နောက်ဆုံးတွေ့ခဲ့တဲ့အချိန်အထိ သီပေါဘက်မှာ သူတို့က ဆုတ်သွားတယ်။ ဆုတ်သွားပြီးမှ ဒီဘက်မှတိုက်ပွဲဖြစ်တာနဲ့ ချက်ခြင်းကျောက်မဲတို့ နမ့်စန်အထက်တို့ကို ချက်ခြင်း ပြန်ဝင်လာတယ်။"
RCSS နဲ့ TNLA တို့ကြားမှာ ငါးလနီးပါးကြာအောင် တိုက်ပွဲတွေရပ်စဲနေရာကနေ ကျောက်မဲ၊ နမ့်စန်နဲ့ သီပေါမြို့ နယ်တွေမှာ တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီ တိုက်ပွဲတွေကြောင့် ကျောက်မဲမြို့နယ် ခွန်ကော်ကျေးရွာအုပ်စု အတွင်း မှာရှိတဲ့ ကျေးရွာ ၃ ရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ဒီနေ့မနက်ပိုင်းမှာ ရွာလုံးကျွတ်ထွက် ပြေးသွားကြတယ် လို့ ဗိုလ်မှူးမိုင်းအိုက်ကျော် ကပြောပါတယ်။
TNLA အနေနဲ့ အစိုးရတပ်မတော်နဲ့လည်း တိုက်ပွဲတွေဖြစ်ပွားနေပြီး ကွတ်ခိုင်၊ နမ္မတူ၊ နမ့်ခမ်းနဲ့ မန်တုံ မြို့နယ်တွေ မှာ ပြီးခဲ့တဲ့ ဧပြီလ ၂၉ ရက်နေ့က မေလ ၁၅ ရက်နေ့အတွင်း တိုက်ပွဲ အကြိမ် ၃ဝ ကျော်ဖြစ်ပွားခဲ့တယ်လို့ သိရပါ တယ်။
အဲဒီ တိုက်ပွဲတွေမှာ နှစ်ဖက်ထိခိုက်ဒဏ်ရာ ရရှိတာတွေ ရှိနေတယ်လို့လည်း ဗိုလ်မှူးမိုင်းအိုက်ကျော် ကပြောပါ တယ်။
တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ဟာ အစိုးရနဲ့ စစ်ရေး တင်းမာနေတဲ့ မြောက်ပိုင်း မဟာ မိတ်အဖွဲ့ဝင်ဖြစ်ပြီး အပစ်အခတ်ရပ်စဲရေး စာချုပ် NCA မှာလည်း လက်မှတ်မထိုးရသေးတဲ့ လက်နက်ကိုင် အဖွဲ့ဖြစ် ပါတယ်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ကတော့ အစိုးရနဲ့ အပစ်ရပ်စာချုပ် NCA မှာ လက်မှတ်ရေးထိုး ထားတဲ့ အဖွဲ့ ဖြစ်ပါတယ်။