ထိပ်ပိုင်းရာထူး တပ်ကလူခန့်လို့ စွမ်းအင်ပညာရှင်များ ဆန္ဒပြ
2015.09.16
စွမ်းအင်ဝန်ကြီးဌာနကို ဒုတိယသမ္မတ ဦးဉာဏ်ထွန်းရဲ့ ကိုယ်ရေးအရာရှိ DSA အပတ်စဉ် ၃၈ ဆင်း ဒုတိယဗိုလ်မှူးကြီး တစ်ဦး ပြောင်းရွေ့ခန့်ထားလိုက်တဲ့အတွက် စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံ ဘူမိဗေဒနဲ့ အင်ဂျင်နီယာအရာရှိများက ဖဲကြိုးနီလှုပ်ရှားမူကို မနေ့က စတင်လိုက်ပါတယ်။
အခုလိုဆန့်ကျင်ရခြင်းဟာ ပုဂ္ဂိုလ်ရေးအရ ဆောင်ရွက်ခြင်းမဟုတ်ဘူးလို့ မြန်မာရေနံက ဘူမိဗေဒ အရာရှိတစ်ဦးဖြစ်သူ ဦးအောင်မြင့်က ပြောပါတယ်။
မြန်မာ့ရေနံလုပ်ငန်းကို အင်္ဂလိပ်အစိုးရက BOC ကုမ္ပဏီအနေနဲ့ လုပ်ကိုင်ခဲ့ချိန်ကစပြီး မြန်မာအစိုးရပိုင် MOC MOGE စသဖြင့် ပြောင်းလဲခဲ့ချိန်အထိ ဌာနအတွင်း ကျွမ်းကျင်ပညာရှင် ဘူမိဗေဒနဲ့ အင်ဂျင်နီယာများက ဦးဆောင်ပြီး လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။
လက်ရှိအနေနဲ့ စွမ်းအင်ဝန်ကြီးဌာနမှာ နဝတ၊ နအဖ လက်ထက် ဗိုလ်ချုပ်လွန်းသီ ဝန်ကြီးဖြစ်ချိန်မှာ ဝန်ကြီးဌာန အတွင်း တပ်မတော်အရာရှိများ အလုံးအရင်းနဲ့ ပြောင်းလာခဲ့တာလို့ ဆိုပါတယ်။ အထူးသဖြင့် ရေနံဓါတုမှာ စက်ရုံမှူးများ၊ ရေနံရောင်းဝယ်ရေးမှာ ညွန်ကြားရေးမှူး အဆင့်ဆင့်ရာထူးများ စတာတွေမှာဖြစ်ပါတယ်။ အလား တူ မြန်မာ့ရေနံမြေများမှာ အထွေထွေ မန်နေဂျာ ၁၁ဦးရှိတဲ့ အနက် ၅ဦးကို စစ်တပ်က ရာရှိများက နေရာယူထား တာဖြစ်ပါတယ်။
စွမ်းအင်ဝန်ကြီးဌာနက ပြုလုပ်တဲ့ ဖဲကြိုးနီ လှုပ်ရှားမူနဲ့ပတ်သက်ပြီး ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။