တိုက်ပွဲတွေကြောင့် အိန္ဒိယနိုင်ငံဘက်ထွက်ပြေးမယ့် စစ်ဘေးဒုက္ခသည်တွေကို တင်ဆောင်လာတဲ့ ကားတစ်စီး မတ်လ ၆ ရက်နေ့က ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ထဲမှာ တိမ်းမှောက်တာကြောင့် ဒုက္ခသည်နှစ်ဦး သေဆုံးခဲ့သလို နောက်ထပ် သုံးဦးလည်း ဒဏ်ရာပြင်းထန်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူတွေဟာ အသက် ၄၉ နှစ်အရွယ် Pu Lalhmahruaia Kum နဲ့ ဇနီးဖြစ်သူ အသက် ၄၈ နှစ်အရွယ် Pi Lalnunpari kum တို့ဖြစ်ပြီး တိုက်ပွဲတွေကြောင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ကနေ ထွက်ပြေးတိမ်းရှောင်လာသူတွေလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ကလေးမြို့ကနေ စစ်ဘေးရှောင်လာတာ။ ကားတစ်စီးနဲ့ တက်လာကြတာ။ လမ်းဇန်ရွာအဝင် ကျန်းမာရေးဌာနရုံးနားမှာ ကားမှောက်သွားတာ။ လူကြီးနှစ်ယောက်ကတော့ သေသွားတယ်။ ကလေးနှစ်ယောက်နဲ့ ကားဆရာကလည်း အပြင်းအထန် ဒဏ်ရာရတယ်။ အခု တီးတိန်ပြည်သူ့ဆေးရုံကြီးကို ပို့ထားတယ်”
ကလေးမြို့က တိုက်ပွဲတွေကြောင့် တီးတိန်မြို့နယ်ထဲကို တိမ်းရှောင်လာသူ တစ်သောင်းကျော်အထိရှိလာပြီလို့ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေသူတွေက ပြောပါတယ်။
လတ်တလောမှာတော့ ဆွေမျိုးသားချင်းတွေရှိရာရွာတွေမှာပဲ မှီခိုနေထိုင်ကြတာကြောင့် စားဝတ်နေရေး အခက်မကြုံရသေးပေမယ့် ရေရှည်ဖြစ်လာရင် ဆန်ပြတ်လပ်မှုနဲ့ ကြုံလာရနိုင်တယ်လို့ ဆိုပါတယ်။
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲကိုလည်း နေ့စဉ်နေရပ်စွန့်ခွာထွက်ပြေးတဲ့ စစ်ဘေးဒုက္ခသည်လည်း ဆက်ရှိနေပြီး အရေအတွက်ကိုတော့ အတိအကျ မသိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့ ပြောဆိုချက်အရ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံကနေ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်နဲ့ မဏိပူရ်ပြည်နယ်မှာ ထွက်ပြေးခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည် ခြောက်သောင်းဝန်းကျင် ရှိနေပါတယ်။