မိုးမောက်မှာ တိုက်ပွဲကြောင့် လူနှစ်ထောင်ကျော် တိမ်းရှောင်

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်မှာ တိုက်ပွဲတွေကြောင့် ရွာပေါင်း နှစ်ဆယ်ကျော်က လူနှစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက မတ်လ ၈ ရက်နေ့မှာ ပြောပါတယ်။

လိုင်ဇာမြို့နဲ့ မိုးမောက်မြို့ကြားက ဒေါ့ဖုန်းယန်မြို့ အပါအဝင် ရွာပေါင်း နှစ်ဆယ်ကျော်က ဒေသခံတွေဟာ ဗန်းမော်မြို့၊ မိုးမောက်မြို့နဲ့ နီးစပ်ရာ တောင်ယာတွေထဲကို ထွက်ပြေးတိမ်းရှောင်နေကြတာလို့ မိုးမောက်မြို့ခံတစ်ဦးက ပြောပါတယ်။

"မနေ့ကတည်းက ပြေးလာကြတာ။ အကုန်တော့ မပြေးကြဘူးထင်တယ်။ တချို့ကတော့ အိမ်မှာ အိမ်စောင့်တစ်ယောက်လောက်တော့ ကျန်ခဲ့တယ်။ အဓိကတော့ သက်ကြီးပိုင်းနဲ့ ကလေးတွေပေါ့။ သူတို့ အရင် လုံခြုံတဲ့နေရာကို ရှောင်ကြတာ။ ဒေါ့ဖုန်းယန်နဲ့ မိုးမောက်ကြားက ရွာတွေ၊ ဒေသခံတွေ ပြေးကြတာ"

ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒုက္ခသည်တွေဟာ ခရစ်ယာန်ဘုရားကျောင်းတွေမှာ လတ်တလော ခိုလှုံနေကြပြီး အကူအညီတွေလည်း လိုအပ်နေတယ်လို့ သူကဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။

မတ်လ ၇ ရက်နဲ့ ၈ ရက် နှစ်ရက်တာတိုက်ပွဲအတွင်း ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်စခန်း ဆယ်ခုထက်မနည်း သိမ်းပိုက်ထားသလို စစ်ကောင်စီတပ်ကလည်း KIA ဌာနချုပ် လိုင်ဇာမြို့ကို လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေကြောင်းနဲ့တိုက်ခိုက်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နိုင်ငံတစ်ဝန်းမှာ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်ပေါင်း ၂.၇ သန်းနီးပါးရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN OCHA) က ဖေဖော်ဝါရီလ ၂၁ ရက်နေ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။