ပင်လောင်းမှာ တိုက်ပွဲပြန်ဖြစ်တာကြောင့် ဒေသခံတစ်သောင်းနီးပါး ထွက်ပြေးနေရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နမ့်ဖာမိုးနဲ့ ကာရားရွာအနီးမှာ မတ်လ ၉ ရက်နေ့ နေ့လယ်ကစပြီး တိုက်ပွဲပြန်ဖြစ်နေတာကြောင့် ရွာပေါင်း ၁၇ ရွာက ဒေသခံတစ်သောင်းနီးပါ ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ပင်းလောင်းဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာကြောင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) မဟာမိတ်ပူးပေါင်းအဖွဲ့တွေနဲ့ တိုက်ပွဲပြန်ဖြစ်နေတာလို့ ပင်လောင်းဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတော့ အဲမှာတွေ့ပြီးဖြစ်ကြတာ။ ၉ ရက်နေ့ကတည်းကဖြစ်တာ။ သုံးရက်ရှိပြီ ဖြစ်နေတာ"

မတ်လ ၁၀ ရက်နေ့နဲ့ ၁၁ ရက်နေ့တွေမှာ တိုက်ပွဲပိုပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းနဲ့ လက်နက်ကြီးတွေကိုပါ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲကြောင့် ပင်လောင်းမြို့ တောင်ဘက်အခြမ်းမှာရှိတဲ့ ဗန်းမောဝ်၊ နမ့်ဖာမူး၊ ကားရာနဲ့ နောင်ဝိုးရွာ အပါအဝင် အနီးအနားရွာ ၁၇ ရွာက ဒေသခံတွေ ထွက်ပြေးနေရတာလို့ ဆိုပါတယ်။

၂၀၂၂ ခုနှစ်ကတည်းက ပင်လောင်းမြို့ကိုထွက်ပြေးလာရတဲ့ ဒုက္ခသည်တွေအပါအဝင် လက်ရှိ လူဦးရေ တစ်သောင်းနီးပါးဟာ နောင်တရား၊ ဖယ်ခုံ၊ မိုးဗြဲ၊ တောင်ကြီးမြို့နဲ့ နီးစပ်ရာရွာတွေမှာ တိမ်းရှောင်နေရတယ်လို့ ကရင်နီစစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

လနဲ့ချီ တိုက်ပွဲငြိမ်နေပြီး ရုတ်တရက် ပြန်ဖြစ်တာကြောင့် ဒေသခံတွေဟာ ဘာပစ္စည်းမှမယူနိုင်ဘဲ ပြေးခဲ့ရပြီး စားစရာနဲ့ နေရာထိုင်ခင်းတွေ အရေးပေါ်လိုအပ်နေတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး ပြောခွင့်ရသူ နန်းက RFA ကို ပြောပါတယ်။

"ပင်လောင်းမှာက ကရင်နီစစ်ရှောင်တွေလည်း ရှိတယ်လေနော်။ အခုက နေ့လယ်ပိုင်း ၁၁ နာရီလောက်မှာ ရုတ်တရက် ပြန်ဖြစ်လာတာဆိုတော့ အကုန်လုံးက အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ပြေးရတာ။ ဘာမှ မသယ်နိုင်ဘူး။ အများစုက နောင်တရားဘက်ကို ပြေးနေကြရတုန်းပဲ”

တိုက်ပွဲအခြေအနေအပေါ် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) ရော စစ်ကောင်စီဘက်ကပါ သတင်းထုတ်ပြန်တာမရှိပါဘူး။

တိုက်ပွဲကြောင့် ဒေသခံတွေထွက်ပြေးနေရတဲ့အပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

ပင်လောင်းမြို့နယ်ထဲမှာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကနေ မတ်လအထိ (KNDF)၊ မဟာမိတ်ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် အရပ်သားသုံးဆယ်ကျော် သေဆုံးခဲ့ပြီး တစ်သောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။