လေကြောင်းတိုက်ခိုက်မှုကြောင့် မုန်းမြို့နယ်ဒေသခံ ခုနစ်သောင်းနီးပါး ထွက်ပြေးနေရ

ပဲခူးတိုင်းအရှေ့ခြမ်း၊ ကျောက်ကြီးမြို့နယ်ထဲက မုန်းမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ခုနစ်သောင်းနီးပါး ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ KNU ဗဟိုက ဒီဇင်ဘာလ ၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မုန်းမြို့ပေါ်က ရပ်ကွက်တွေနဲ့ အနီးအနားမှာရှိတဲ့ ကျေးရွာပေါင်း ၈၅ ရွာက ဒေသခံ ၆၈,၄၀၃ ဦး ထွက်ပြေးတိမ်းရှောင် နေရတာလို့ ဆိုပါတယ်။

ဒါ့အပြင် တိုက်ပွဲနဲ့မသက်ဆိုင်တဲ့ အရပ်သားပြည်သူတွေရဲ့နေရာတွေကို လေကြောင်း တိုက်ခိုက်တာကြောင့် မုန်းမြို့နယ် ရေလဲကျေးရွာအတွင်းက ဘုရားကျောင်းတစ်ကျောင်းနဲ့ ပြည်သူတွေရဲ့ နေအိမ်လေးလုံး ပျက်စီးသွားတယ်လို့ ဖော်ပြထားပါတယ်။

မုန်းမြို့နယ်အတွင်း စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုအပြင်၊ တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည်ဦးရေ လျော့သွားတာမရှိဘဲ ထပ်တိုးလာနေတဲ့အကြောင်း စစ်ဘေးဒုက္ခသည် အရေး ကူညီဆောင်ရွက်ပေးနေတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"စစ်ဘေးရှောင်အရေအတွက်တွေက ထုတ်ပြန်ချက်က စာရင်းတွေထက် မြေပြင်မှာ ဒီထက်များတယ်။ လက်လှမ်းမီသလောက်ပြုစုထားတာတွေပဲဖြစ်မယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ စစ်ကောင်စီရဲ့ တပ်စခန်း လေးခု အသိမ်းခံရပြီးနောက်ပိုင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေကိုလည်း ဆက်တိုက် လုပ်ဆောင်နေတဲ့ အတွက် စစ်ဘေးရှောင်က နေ့စဥ်နဲ့အမျှ ထပ်တိုးလာနေတာပါ"

စစ်ဘေးဒုက္ခသည်တွေနဲ့ပတ်သက်ပြီး KNU ဘက်က ကူညီစောင့်ရှောက်ပေးနေပေမယ့် နေ့စဥ်ထပ်တိုးလာတဲ့သူတွေလည်းများလာတဲ့အတွက် အရေးပေါ်စားနပ်ရိက္ခာ၊ နေရာထိုင်ခင်း၊ အမိုးအကာတွေအပြင် စောင်နဲ့ ဆေးဝါးတွေပါ အရေးပေါ် လိုအပ်နေတယ်လို့ ဖော်ပြထားပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ တုံ့ပြန်ချက်သိရဖို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။