ထီးချိုင့်မြို့နယ်မှာ သက်ကြီးရွယ်အိုတစ်ဦးသေဆုံးပြီး လူတစ်သောင်းကျော် ထွက်ပြေးနေရ

ဒီဇင်ဘာ ၆ ရက်ကနေ ၈ ရက်နေ့အထိ သုံးရက်အတွင်း စစ်ကိုင်းတိုင်းအထက်ပိုင်း ထီးချိုင့် မြို့နယ်က ကျေးရွာ ၂၀ နီးပါးကို စစ်အင်အား သုံးရာခန့်က ဆက်တိုက်ဝင်ရောက်စီးနင်းပြီး အသက် ၈၀ ကျော် အဖိုးတစ်ဦးကို ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။

စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးကြောင့် အဲဒီရွာတွေက နေအိမ် အလုံး ၄၀၀ ကျော် မီးရှို့ခံခဲ့ရပြီး ဒေသခံ တစ်သောင်းကျော်လည်း ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

စီးနင်းခံရတဲ့ရွာတွေကတော့ ထီးချိုင့်မြို့နယ်က အောင်သာကုန်း၊ လေသာကုန်း၊ အင်းတိန်၊ ပေါက်ကုန်း၊ မကျီးပင်၊ သစ်မုံညို၊ ကျက်သရေချောင်း၊ ပျဉ်းစု၊ သခွတ်ချောင်နဲ့ တည်တောရွာ အပါအဝင် ရွာပေါင်း ၂၀ ခန့် ဖြစ်ပါတယ်။

ဒီဇင်ဘာ ၈ ရက် မနေ့က အင်းတိန်ရွာကို စစ်ကြောင်းဝင်ရောက်လာချိန် အသက် ၈၀ ကျော် အရွယ် ဦးစိန်မောင် ပစ်သတ်ခံခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦး က RFA ကို ပြောပါတယ်။

"သူက အင်းတိန်ရွာမှာ သားသမီးတွေနဲ့ အခင်းစိုက်နေတာလေ။ သူ့သားတွေဆီ သွားတာနေမှာပေါ့။ ပစ်သတ်ခံလိုက်ရတယ်။ ငွေလေးသိန်းပါ စစ်သားတွေယူသွားတယ် လို့ ပြောတယ်"

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ အောင်သာကုန်းရွာကိုလည်း ဒီဇင်ဘာ ၇ ရက် မနက် အစောပိုင်းမှာ စစ်ကောင်စီတပ်သားတွေက ဝင်ရောက်မီးရှို့ခဲ့တာကြောင့် အနီးနား ရွာသုံးရွာက အရပ်သားတစ်ထောင်ကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ နိုဝင်ဘာလ ၂၅ ရက်နေ့ကတည်းက ထီးချိုင့်မြို့နယ်ထဲက ရွာခုနစ်ရွာ ကို စတင်ဝင်ရောက်ခဲ့ပြီး နယ်မြေရှင်းလင်းရေးလုပ်နေတာကြောင့် ဒီဇင်ဘာလ ၄ ရက်နေ့ အထိ နေအိမ် ၄၃၇ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ဒီဇင်ဘာ ၅ ရက်နေ့ကတည်းက ထုတ်ပြန်ထားပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ တိုင်းလူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က ဒီနေ့ ဆက်သွယ်မေးမြန်းရာမှာ သတ်ဖြတ်မီးရှို့မှုတွေကို သူ မသိရှိသေးကြောင်းနဲ့ လုံခြုံရေးကိစ္စတွေဖြစ်လို့ သူ့မှာ ပြောဆိုခွင့်မရှိဘူးလို့ ငြင်းဆိုပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ ဒီဇင်ဘာလ ၃ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် စစ်ကိုင်းတိုင်းမှာ လူဦးရေ ခြောက်သိန်းကျော် နေရပ်စွန့်ခွာထွက်ပြေးနေရပါတယ်။