နိုင်ငံတစ်ဝန်း စစ်ဘေးဒုက္ခသည် သုံးသန်းနီးပါးရှိလာ

မြန်မာနိုင်ငံတစ်ဝန်း တိုက်ပွဲတွေကြောင့် မတ်လ ၁၈ ရက်နေ့အထိ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေး ဒုက္ခသည် ၂ သန်း ၈ သိန်းကျော် ရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN OCHA) က မတ်လ ၂၀ ရက်နေ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

တိုက်ပွဲတွေကြောင့် စစ်ကိုင်တိုင်း ကလေးနဲ့ ကနီမြို့နယ်တွေက လူ နှစ်သောင်းခွဲခန့်ဟာ အိုးအိမ်မဲ့ခဲ့ရပြီး ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်မှာလည်း လူ တစ်သောင်းကျော် ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

အလားတူ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေမှာလည်း တိုက်ပွဲနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူ တစ်သောင်းကျော်ဟာ အိုးအိမ်စွန့်ခွာထုတ်ပြေးနေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ရခိုင်ပြည်နယ်မှာလည်း မြို့နယ် ၁၇ ခုထဲက ၁၅ မြို့နယ်အထိ ဒေသခံတွေဟာ တိုက်ပွဲဒဏ်ခံနေရတယ်လို့ ဆိုပါတယ်။

လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းတွေဟာ စစ်ဘေးဒုက္ခသည်တွေအတွက် ဆက်လက်ကူညီဆောင် ရွက်ပေးနေပေမယ့် ရန်ပုံငွေအခက်အခဲနဲ့ ကြုံတွေ့နေရတယ်လို့လည်း UN OCHA ရဲ့ မတ်လ ၂၀ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

UN OCHA ရဲ့ မတ်လ ၄ ရက်နေ့အထိ စာရင်းအရ စစ်ဘေးဒုက္ခသည် ၂ သန်း ၇ သိန်းကျော်ရှိနေပြီး မတ်လ ၁၈ ရက်နေ့ အထိ စာရင်းအရ ၂ သန်း ၈ သိန်းကျော်ရှိလာတာကြောင့် တစ်လမပြည့်ခင် လူတစ်သိန်းနီးပါး နေရပ်စွန့်ခွာခဲ့ကြရတာ ဖြစ်ပါတယ်။

မတ်လ ၁၈ ရက်နေ့ UN OCHA က ဖော်ပြတဲ့ စစ်ဘေးဒုက္ခသည်အရေအတွက်ထဲက သုံးသိန်းခန့်က စစ်တပ်အာဏာမသိမ်းခင်က စစ်ဘေးဒုက္ခသည်အရေအတွက် ဖြစ်ပါတယ်။