ဩဂုတ်လအတွင်း စစ်ဘေးဒုက္ခသည် တစ်သိန်းကျော် တိုးလာ

မြန်မာနိုင်ငံတစ်ဝန်း လက်နက်ကိုင်တိုက်ပွဲတွေကြောင့် ဩဂုတ်လ တစ်လအတွင်း စစ်ဘေး ဒုက္ခသည် တစ်သိန်းကျော် တိုးလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်း ရေးရုံး (UN OCHA) ရဲ့ စက်တင်ဘာ ၂ ရက် မနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာက ဖော်ပြ ပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ လက်နက်ကိုင်ခုခံသူတွေအကြား တိုက်ပွဲတွေဖြစ်နေတာကြောင့် စစ်အာဏာသိမ်းပြီး တစ်နှစ်နဲ့ ခုနစ်လအတွင်း စစ်ဘေးဒုက္ခသည် ၉၇၄,၀၀၀ ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့ (UN OCHA) ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဇူလိုင်လ ၃၁ ရက်က ထုတ်ပြန်ခဲ့တဲ့ UN OCHA ရဲ့ အစီရင်ခံစာမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် ဇူလိုင် ၃၁ ရက်အထိ တစ်နှစ်နဲ့ ခြောက်လအတွင်း အရပ်သား ၈၆၆,၄၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒါ့ကြောင့် ဇူလိုင် ၃၁ ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာနဲ့ စက်တင်ဘာ ၂ ရက်မှာ ထုတ်ပြန် တဲ့ အစီရင်ခံစာနှစ်ခုကို နှိုင်းယှဉ်ကြည့်ရင် သြဂုတ်လအတွင်း စစ်ဘေးဒုက္ခသည် တစ်သိန်း ကျော် ၁၀၇,၆၀၀ တိုးလာတာပါ။

စစ်အာဏာမသိမ်းခင် နဂိုရှိရင်းစွဲ စစ်ဘေးဒုက္ခသည် ၃၄၆,၆၀၀ ဦး နဲ့ပေါင်းရင် မြန်မာ နိုင်ငံမှာ စစ်ဘေးဒုက္ခသည် ၁ ဒသမ ၃ သန်းကျော် ရှိလာပါပြီ။

ဒေသတွင်းနဲ့ နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းတွေက စစ်ဘေးဒုက္ခသည်တွေကို တတ်နိုင် သမျှ အကူအညီပေးနေ ပေမယ့် ထိရောက်တဲ့ ကူညီပံ့ပိုးမှုတွေ ပေးဖို့အတွက် သွားရောက် ကူညီခွင့်ရဖို့ ခက်ခဲနေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက ထုတ်ပြန်ထားပါတယ်။

နယ်မြေအများအပြား လုံခြုံရေးအစီအမံတွေ တင်းကျပ်ထားပြီး ရေလမ်း၊ ကားလမ်းတွေ အပါအဝင် ဆေးဝါးပစ္စည်းထောက်ပံ့မှုတွေ၊ စားနပ်ရိက္ခာနဲ့ တခြားသော လူသားချင်းစာနာမှု ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်း၊ သယ်ယူပို့ဆောင်ရေးတွေကိုလည်း ကန့်သတ်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။