ကချင်ပြည်နယ်၊ မြစ်ကြီးနား-ဗန်းမော်လမ်းမှာ ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့က စတင်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဝိုင်းမော်မြို့နယ် နောင်းချိန်းကျေးရွာကို ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးဒုက္ခသည် ငါးရာကျော်အထိ ရှိလာနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
လက်ရှိမှာ ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ၊ ဆေးဝါး၊ နေရာထိုင်ခင်းအတွက် အကူအညီတွေလိုအပ်နေတယ်လို့ နောင်းချိန်းကျေးရွာက ယာယီစစ်ဘေးဒုက္ခသည်စခန်း တာဝန်ခံ ဦးခေါင်ဒေါင်က RFA ကို ပြောပါတယ်။
"အခုရောက်နေတာက သုံးရာကျော်၊ ခဏနေ နှစ်ရာကျော်ပြန်ရောက်မှာ အခုသွားကြိုနေကြပြီ။ အခု အရေးတကြီး လိုအပ်နေတာက သူတို့နေဖို့ အဆောင်ဆောက်ဖို့ မိုးကာနဲ့ လိုအပ်တဲ့ပစ္စည်းတွေ။ ပြီးတော့ ဖျားနာတာတွေလည်း များနေတယ်၊ ဆေးဝါးတွေလည်း လိုအပ်နေတယ်။ အစားအသောက်တွေလည်း လိုအပ်နေတယ်"
အခုစစ်ဘေးဒုက္ခသည်တွေက မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်း၊ ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်၊ အောင်မြေ (၁)နဲ့ အောင်မြေ (၂) ကျေးရွာက ဒေသခံတွေဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့က ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေကြောင့် ဒေသခံ သုံးထောင်ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။
အခု ၂၀၂၄ ခုနှစ်အတွင်း ကချင်ပြည်နယ် မြစ်ကြီးနား၊ ဗန်းမော်၊ ဝိုင်းမော်၊ မိုးမောက်၊ မံစီ၊ ဖားကန့်၊ ဆွမ်ပရာဘွမ် စတဲ့မြို့နယ်တွေမှာ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတဲ့ ဒေသခံ နှစ်သောင်းကျော်အထိ ရှိလာနေတယ်လို့ ဒုက္ခသည်အရေး အကူအညီပေးနေသူတွေက ပြောပါတယ်။