ရန်ကုန်၊ မန္တလေး၊ ကရင်၊ တနသာၤရီ၊ မွန် စတဲ့ပြည်နယ်နဲ့ တိုင်းဒေသကြီး ၄ ခုမှာ ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးတွေကို လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စတင်မှာဖြစ်တယ်လို့ သိရပါတယ်။
မန္တလေးတိုင်းဒေသကြီး လွှတ်တော်အသစ်ကို လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့ တက်ရောက်ဖို့ ဖိတ်ကြားထားတယ်လို့ မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ အန်အယ်လ်ဒီပါတီ တိုင်းဒေသကြီး အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ဦးဝိုင်းချစ်အောင် က ပြောပါတယ်။
"ကျနော်တို့ဆီကို ပြီးခဲ့တဲ့ ၁ဝ ရက်နေ့ကပဲ ဖိတ်စာရောက်ပါတယ်၊ တိုင်းကိုယ်စားလှယ်တွေ ရုံး ၁ ရက်နေ့ တက်ရမှာပါ၊ ကျန်တဲ့ ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော်ပေါ့နော် ပြည်ထောင်စုအဆင့်နေရာ ကျတော့ ရောက်မရောက်တော့မသိသေးပါဘူး၊ ဒါပေမဲ့ ကျနော်တို့ လက်လှမ်းမီသလောက် တိုင်းကိုယ်စား လှယ်တွေကို စုံစမ်းကြည့်တဲ့အခါမှာ တော်တော် များများထံတော့ ဖိတ်စာတွေရောက်နေတယ်"
ကချင်၊ ချင်း၊ ပဲခူး၊ ဧရာဝတီနဲ့ မကွေးတိုင်းတို့မှာ တိုင်းဒေသကြီးနဲ့ပြည်နယ် လွှတ်တော်အစည်းအဝေးတွေကို လာမယ့် ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ လွှတ်တော်အစည်းအဝေး စတင်မှာဖြစ်ပါတယ်။
စစ်ကိုင်း၊ ရခိုင်၊ ရှမ်း၊ ကယား စတဲ့တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့က ကိုယ်စားလှယ်တွေကို လွှတ်တော်အစည်းအဝေး ကျင်းပမယ့်နေ့ရက်နဲ့ပတ်သက်ပြီး အကြောင်းကြားတာမရှိသေးဘူးလို့ ကိုယ်စားလှယ်တွေက ပြောပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေဟာ လွှတ်တော်တက်ရောက်တဲ့အခါ ကင်မရာ၊ အသံဖမ်းကိရိယာ၊ ဖုန်း၊ ကွန်ပျူတာ၊ လက်ကိုင်အိတ် စတာတွေ ယူဆောင်လို့မရကြောင်း တားမြစ်ထားတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် အန်အယ်လ်ဒီ ကိုယ်စားလှယ်တွေဟာ အမျိုးသားဆိုရင် ပုဆိုး၊ တိုက်ပုံနဲ့ ခေါင်းပေါင်းပါ ဝတ်ဆင်ပြီး အမျိုးသမီးတွေဆိုရင် ရင်ဖုံးလက်ရှည်၊ ပုဝါခြုံပြီး ဆံထုံး ထုံးရမယ်လို့ သိရပါတယ်။
ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးတွေကိုလည်း လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စတင်မှာဖြစ်ပါတယ်။