ဘာသာရေးအရ ခွဲခြားမှုများ ညီညွတ်ရေးကို ခြိမ်းခြောက်နေ
2015.09.11

မြန်မာနိုင်ငံမှာ ဘာသာရေးအရ ခွဲခြားဆက်ဆံမှုတွေ ပွါးများလာတာဟာ နိုင်ငံရဲ့ညီညွတ်ရေးကို ခြိမ်းခြောက်နေ တယ်လို့ အရှေ့အာရှရေးရာ အမေရိကန် အထူးသံတမန် Mr. Daniel Russel က ပြောကြားလိုက်ပါတယ်။
Mr. Daniel Russel ဟာ ရွေးကောက်ပွဲအတွက် ပြင်ဆင်တာတွေကို ဆွေးနွေးဖို့ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ သီတင်းပတ်က ရောက်ရှိခဲ့သူ ဖြစ်ပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ဒါဇင်နဲ့ချီပြီး ပယ်ချတာကို သူကဝေဖန်ပါတယ်။ အပယ်ချခံရသူ အများစုဟာ မွတ်ဆလင်တွေဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေတုန်းက မဲပေးပိုင်ခွင့်ရှိခဲ့ပေမဲ့ အခုတစ်ခါမှာ ထောင်သောင်းချီတဲ့ နိုင်ငံမဲ့ ရိုဟင်ဂျာတွေ ကို မဲပေးခွင့်မပေးတာကိုလည်း ဝေဖန်လိုက်ပြီး လက်ရှိအစိုးရဟာ ဘာသာရေးခွဲခြားဆက်ဆံတာကို နိုင်ငံရေးထဲ စိမ့်ဝင်အောင်မလုပ်ဖို့ လိုတယ်လို့လည်း ပြောပါတယ်။
ဘာသာရေးအစွန်းရောက်သူတွေ အဟန့်အတားမရှိ အမုန်းတရားတွေ ပြောခွင့်ရနေတာကို စိုးရိမ်ပူပန်ရတဲ့ အကြောင်းလည်း သူက ပြောပါတယ်။
ဒါပေမဲ့ ဒီလိုပြဿနာတွေရှိပေမဲ့ ကျင်းပတော့မယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးအတွက် ထူးခြားတဲ့ခြေလှမ်းတရပ် ဖြစ်နိုင်ပါတယ်လို့ အမေရိကန် သံတမန် Mr. Russel က ပြောကြားပါတယ်။