စစ်ကောင်စီက ထောင်ချလိုက်တဲ့ ဂျပန်သတင်းမှတ်တမ်းသမား မစ္စတာ ကူဘိုတာကို အမြန်ဆုံးပြန် လွှတ်ပေးဖို့ ဂျပန်အစိုးရအနေနဲ့ မြန်မာအာဏာပိုင်တွေကို ဆက်ပြီးတိုက်တွန်းသွားမယ်လို့ ဂျပန်အစိုးရအတွင်းအရေးမှူးအဖွဲ့ရဲ့ လက်ထောက်ညွှန်ကြားရေးမှူး ယိုရှီဟီကို အီဆိုဇာကီ က အောက်တိုဘာ ၆ ရက်နေ့က တိုကျိုမြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
အောက်တိုဘာ ၅ ရက်နေ့မှာ ရှေ့နေက ကူဘိုတာတွေ့ခဲ့ရတဲ့အတွက် သူ့ကျန်းမာရေးနဲ့ပတ်သက်လို့ ထူးထူးခြားခြား ဘာပြဿနာမှမရှိဘူးလို့လည်း သူကပြောပါတယ်။
ကူဘိုတာကို နိုင်ငံတော်အကြည်ညို ပျက်စေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅ - က အတွက် ထောင်ဒဏ် ၃ နှစ်၊ အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ - ၃၃ (က) အတွက် ရ နှစ်၊ စုစုပေါင်း ထောင် ၁၀ နှစ်ချလိုက် ပြီး၊ တစ်ပေါင်းတည်း ခုနစ်နှစ်ကျခံဖို့ ရန်ကုန်မြို့ အင်းစိန်ထောင်တွင်းမှာရှိတဲ့ စစ်ခုံရုံးကနေ အောက်တိုဘာ ၅ ရက်နေ့မှာဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
အဲဒီအပြင် သူ့ကိုလူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ -၁၃ (၁) နဲ့လည်း တရားစွဲထားသေးတဲ့အတွက် နောက်ထပ်ထောင်ဒဏ်တိုးလာဦးမှာ ဖြစ်ပါတယ်။
တိုရူကူဘိုတာဟာ ဇူလိုင် ၃၀ ရက်နေ့က ဒဂုံမြို့သစ် (တောင်ပိုင်း) မှာဖြစ်ခဲ့တဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုကို မှတ်တမ်းဓာတ်ပုံရိုက်ကူးနေတဲ့အချိန်မှာ ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။