Updated 2:23 PM Mar 14, 2024
၁၀၂၇ စစ်ဆင်ရေးကာလအတွင်း MNDAA တပ်ဖွဲ့က ဖမ်းဆီးထားတဲ့ တအာင်းတိုင်းရင်းသားတွေအပါအဝင် အမျိုးသား၊ အမျိုးသမီး ၁၅၄ ဦးကို ပြန်လွှတ်ပေးဖို့ တအာင်းအမျိုးသမီးအဖွဲ့၊ တအာင်းကျောင်းသားနဲ့ လူငယ်အဖွဲ့၊ တအာင်းဥပဒေအထောက်အကူပြုအဖွဲ့ စတဲ့ အဖွဲ့သုံးဖွဲ့က မတ်လ ၁၃ ရက်နေ့က ထပ်မံ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
ဖမ်းဆီးခံထားရသူတွေဟာ စစ်ဆင်ရေးကာလအအတွင်း တိုက်ပွဲကြောင့် နေရပ်ပြန်လာကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဖြစ်ပြီး လောက်ကိုင်မြို့အထွက် ဆယ်တန်ဂိတ်၊ ချင်းရွှေဟော်၊ တုံချိန်၊ ပါစင်ကျော်၊ နမ့်တိန်၊ နမ့်တစ် စတဲ့မြို့နယ်တွေမှာ ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသား ၁၂၆ ဦးနဲ့ အမျိုးသမီး ၂၇ ဦးပါဝင်ပြီး လားရှိုး၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ မူဆယ်၊ ကျောက်မဲ၊ မန်တုံမြို့နယ်တွေက အများဆုံး ဖြစ်တယ်လို့ တအာင်းအရပ်ဘက် အဖွဲ့အစည်းတွေရဲ့စာရင်းမှာ ဖော်ပြထားပါတယ်။ အဲဒီအထဲမှာ မုံးကိုးဒေသ ဟေမုံးလုံကျေးရွာက သံဃာလေးပါး ပါဝင်တယ်လို့လည်း ဆိုပါတယ်။
ဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးဖို့ တအာင်းအရပ်ဘက်အဖွဲ့အစည်းတွေက ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့မှာ MNDAA တပ်ဖွဲ့ကို စာပေးပို့တောင်းဆိုခဲ့ပေမယ့် ဒီနေ့အထိ တစ်စုံတစ်ရာ တုံ့ပြန်တာမရှိခဲ့ဘူးလို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်အချို့ကတော့ သူတို့ကို MNDAA က စစ်သင်တန်းတွေပေးနေတယ်လို့ RFA ကိုပြောကြပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ MNDAA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ လီကျားဝင်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေဆိုတာမရှိပါဘူး။
၁၀၂၇ စစ်ဆင်ရေးကာလအတွင်းမှာ MNDAA တပ်ဖွဲ့အနေနဲ့ လောက်ကိုင်၊ ချင်းရွှေဟော်၊ သိန္နီ၊ ကွမ်လုံ၊ ကြူကုတ် (ပန်ဆိုင်း)၊ မုံးကိုး၊ ကုန်းကြမ်းစတဲ့ မြို့တွေကို MNDAA က သိမ်းပိုက်ထားပါတယ်။
(မှတ်ချက် - ဖေဖော်ဝါရီလ နောက်ဆုံးပတ် အစား ဇန်နဝါရီ ၃၁ ရက်နေ့ နှင့် MNDAA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ လီကျားဝမ် အစား MNDAA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ လီကျားဝင်းဟု ပြောင်းလဲ ပြင်ဆင်ထားပါသည်။)