ပလက်ဝမြို့နယ်မှာ တပ်စွဲထားတဲ့ AA အဖွဲ့ထွက်ခွာသွားဖို့ တောင်းဆို


2019.07.13
chin-protest-ygn-622.jpg တိုက်ပွဲတွေရပ်တန့်ပေးရေး နဲ့ AA က ဖမ်းဆီးထားတဲ့ ချင်းတိုင်းရင်းသားတွေကို ပြန်လွှတ်ပေးဖို့ ရန်ကုန်ရောက် ချင်းတိုင်းရင်းသားတွေ ၂၀၁၉၊ ဇူလိုင် ၁၃ ရက်နေ့က လမ်းလျှောက်ဆန္ဒပြ တောင်းဆိုကြစဉ်
Photo: RFA

ချင်းအမျိုးသားတပ်ဦးနဲ့ အစိုးရတို့ အပစ်ရပ်စာချုပ်မှာ သဘောတူထားတဲ့အချက်တွေအရ ချင်းပြည်နယ်ထဲမှာ AA အဖွဲ့ တပ်စွဲနေတာကြာပြီဖြစ်လို့ ရေရှည်မှာမဖြစ်နိုင်တဲ့အတွက် ချင်းပြည်နယ်ထဲကနေ ထွက်ခွာပေးဖို့ ချင်း တိုင်းရင်းသား အရပ်ဖက်အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ကြပါတယ်။

ပစ်ခတ်တိုက်ခိုက်မှု သဘောတူစာချုပ်မှာ အစိုးရရဲ့တရားဝင်တပ်ဖွဲ့တွေနဲ့ ချင်းပြည်နယ်နဲ့ဆိုင်တဲ့ တပ်ဖွဲ့ဝင်တွေသာ ချင်းပြည်နယ်ထဲမှာ လှုပ်ရှားခွင့်ရှိတယ်ဆိုပြီး နားလည်ထားတဲ့အချက်တွေအရ ရခိုင်တပ်ဖွဲ့ဖြစ်တဲ့ AA အနေနဲ့ ချင်း ပြည်နယ်ထဲမှာ တပ်စွဲထားတာ ထွက်ခွာပေးဖို့ တောင်းဆိုတာလို့ ချင်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးဟောင်း ဆလိုင်း အိုက်ဇက်ခင်က ပြောပါတယ်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲမှာ AA လက်နက်ကိုင်တပ်ဖွဲ့တပ်စွဲနေတာ လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်ကတည်းက ဖြစ်ကာ ငါးနှစ်နီးပါးကြာနေပြီဖြစ်ပြီး ပလက်ဝမြို့နယ်ထဲက ချင်းတိုင်းရင်းသားဒေသခံတွေကိုလည်း ဖမ်းဆီးထားတာတွေရှိသလို တပ်မတော်နဲ့ AA တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူတွေလည်း ရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။

AA ကတော့ ချင်းပြည်နယ်ထဲက သူတို့တပ်တွေထွက်ခိုင်းရင် အစိုးရတပ်မတော်ကို အရင်ထွက်သွားခိုင်းမှဖြစ်မယ်၊ ချင်းတိုင်းရင်းသားတွေကိုလည်း ဖမ်းဆီးထားတာ မရှိဘူးလို့လည်း AA ပြောခွင့်ရသူ ခိုင်သုခ က ငြင်းဆိုထားပါတယ်။

ချင်းပြည်နယ် ပလက်ဝမြို့မှာဖြစ်ပွားနေတဲ့ မြန်မာ့တပ်မတော် နဲ့ AA တို့ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရပ်တန့်ပေးရေး နဲ့ AA က ဖမ်းဆီးထားတဲ့ ချင်းတိုင်းရင်းသားတွေကို ပြန်လွှတ်ပေးဖို့ ရန်ကုန်ရောက် ချင်းတိုင်းရင်းသား ၁၀၀ နီးပါး ဟာ ဒီကနေ့ မနက်ပိုင်းက လမ်းလျှောက်ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

(RFA သတင်းထောက် ကိုထက်အာကာ ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။