ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေ ပြန်လွှတ်ပေးဖို့ ရခိုင်ကျောင်းသားတွေ တောင်းဆို

နီမင်းထွန်း
2021-01-18
Share
ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေ ပြန်လွှတ်ပေးဖို့ ရခိုင်ကျောင်းသားတွေ တောင်းဆို စစ်တွေမြို့ စစ်တွေတက္ကသိုလ် ကျောင်းသားသမဂ္ဂရုံးခန်းမှာ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ၂၀၂၁ ဇန်နဝါရီ ၁၈ရက်နေ့က သတင်းစာရှင်းလင်းပွဲလုပ်နေစဉ်
Photo: Ni Min Tun

ရခိုင်ပြည်နယ်မှာ မြန်နှုန်းအင်တာနက် 4G လိုင်းဖွင့်ပေးဖို့နဲ့ စစ်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်တာကြောင့် ဖမ်းဆီးထောင်ချခံထားရတဲ့ နိုင်ငံတစ်ဝန်းက ကျောင်းသားတွေကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ထပ်မံတောင်းဆိုလိုက်ပါတယ်။

စစ်တွေမြို့ စစ်တွေတက္ကသိုလ် ကျောင်းသားသမဂ္ဂရုံးခန်းမှာ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ဒီနေ့ နေ့လယ်က သတင်းစာရှင်းလင်းပွဲလုပ်ပြီး တောင်းဆိုလိုက်တာပါ။

ရခိုင်ပြည်နယ်မှာ အင်တာနက် ဖြတ်တောက်ခံထားရတဲ့ ဒေသတွေက ဒေသခံတွေဟာ ကျန်းမာရေး သတင်းအချက်အလက်တွေကို အချိန်နဲ့တပြေးညီ သိခွင့်မရတာတွေ၊ ကျောင်းသူ၊ ကျောင်းသားတွေကလည်း အွန်လိုင်းကနေ ပညာသင်ကြားခွင့် မရတာတွေနဲ့ တခြားလူ့အခွင့်အရေးတွေ ချိုးဖောက်ခံနေရတာကြောင့် ထပ်မံတောင်းဆိုတာလို့ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ကိုတိုးတိုးအောင်က RFA ကိုပြောပါတယ်။

ပြည်သူတွေ ထိခိုက်နစ်နာနေလို့ ကျောင်းသားတွေက စစ်ပွဲတွေကို ဆန့်ကျင်ဆန္ဒပြကြတာကို အစိုးရက မတရားတဲ့ပုဒ်မတွေနဲ့ ဖမ်းဆီးထောင်ချတာဟာ မဖြစ်သင့်တာကြောင့် ပြန်လွှတ်ပေးဖို့ တောင်းဆိုတာ လို့လည်းဆိုပါတယ်။

အဲဒီတောင်းဆိုချက်တွေကို ရက္ခိုင်ပြည်ကျောင်းသမဂ္ဂက ကျောင်းသားတွေ စစ်တွေမြို့မဈေးမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်နေ့ကလည်း လက်ကမ်းစာစောင် ၅၀၀ကျော် ဖြန့်ဝေပြီးတောင်းဆိုခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ မြန်နှုန်းမြင့် အင်တာနက်လိုင်း ပြန်ဖွင့်ဖို့နဲ့ စစ်ပွဲတွေရပ်ဖို့ တောင်းဆိုခဲ့တဲ့ ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂက ငါးယောက်ကို နိုင်ငံတော် အကြည်အညိုပျက်စေမှုပုဒ်မ၊ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ပုဒ်မတွေနဲ့ အာဏာပိုင်တွေက တရားစွဲထားပါတယ်။

အလားတူ မန္တလေး၊ မုံရွာ၊ မိတ္ထီလာ၊ ပြည် စတဲ့ဒေသအသီးသီးက ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အဖွဲ့ချုပ်ဝင် ကျောင်းသား ၁၅ ဦးကိုလည်း အဲဒီပုဒ်မတွေနဲ့ပဲ ဖမ်းဆီးထောင်ချထားသလို၊ ဖမ်းဝရမ်း ထုတ်ထားတာတွေလည်းရှိတယ်လို့ ဗကသများအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့