ပူတာအိုမှာ ဆန်ပြတ်လပ်နေလို့ ဒေသခံတွေ အခက်ကြုံ

RFA Burmese
2024.05.21
ပူတာအိုမှာ ဆန်ပြတ်လပ်နေလို့ ဒေသခံတွေ အခက်ကြုံ ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ဆန်အခက်အခဲကြုံနေသူများအား ဝေငှပေးနေသည်ကို ၂၀၂၄ ခုနှစ်၊ မေလ ၂၁ ရက်နေ့က တွေ့ရစဉ်။
Facebook/ Sanlu Ram Seng

တိုက်ပွဲတွေကြောင့် နှစ်လကျော်အကြာ ကုန်သွယ်ရေးလမ်းတွေပိတ်နေတဲ့ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်မှာ အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်ရှားပါးပြတ်လပ်လာလို့ ထောင်နဲ့ချီတဲ့ အိမ်ထောင်စုတွေ အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၄ ပြည်ပါဆန်တစ်အိတ်ကို ကျပ်သုံးသိန်းအထိ ဈေးပေါက်နေမယ့် ဝယ်မရတဲ့အတွက် အခက်အခဲကြုံနေသူတွေကို ဝေငှပေးနေရတယ်လို့ ကူညီပေးနေသူ ပူတာအိုဒေသခံ ကိုဆန်လုရမ်ဆိန်းက RFA ကိုပြောပါတယ်။

“ပူတာအိုမြို့မှာကို ထောင်ကြီးပိုင်းထိရှိတယ်၊ ရွာကနေ လာတောင်းကြတာ။ ဒီရောက်တော့ ဆန်ပေးဖို့မရှိဘူး၊ တအား အားနာဖို့ရှိတယ်။ ဆန်ပြတ်တာ မြို့ပေါ်မှာပဲ မိသားစု ထောင်ချီရှိတယ်။ ဆန်တစ်အိတ်က သုံးသိန်းရှိတယ်။ ဒါတောင် ဝယ်ချင်လည်း ဝယ်လို့မရဘူး။ ကျွန်တော်တို့တောင် နည်းနည်းစီရှာယူ၊ တစ်ပတ်နှစ်ပတ်စုပြီး ပြန်ဝေပေးတာ။ အဲဒါတောင် လာယူတဲ့သူတွေ ထောင်ချီလာတော့ ရှေ့ပိုင်းလာတဲ့သူပဲ ရတယ်၊ နောက်ပိုင်းလာတဲ့သူတွေ မရဘူး။ ဒီနေ့လည်း အများကြီးပဲ၊ မရတဲ့သူတွေ”

ပူတအိုခရိုင်အတွင်းက ဆွမ်ပရာဘွမ်၊ ပူတာအို၊ မချမ်းဘောာ၊ နောင်မွန်နဲ့ ခေါင်လန်ဖူးမြို့နယ်က ဒေသခံပြည်သူတွေ အခက်အခဲကြုံနေရတာလို့ သူကဆိုပါတယ်။

ဆန်အပြင် စက်သုံးဆီတွေလည်း ပြတ်လပ်နေပြီး ဓာတ်ဆီတစ်ပုလင်းကို အမြင့်ဆုံးဈေး ကျပ်တစ်သိန်းအထိ ဈေးပေါက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပူတာအိုဒေသမှာ အရင်နှစ်တွေထက် ဆန်စပါးစိုက်သူတွေ နည်းသွားတာကြောင့် အခုလို တိုက်ပွဲနဲ့ကြုံလာရတဲ့အချိန်မှာ ဆန်က ပိုပြီးရှားပါးပြတ်လပ်လာတာလို့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။

“အရင်နှစ်တွေက ဆန်စျေးတွေ စျေးပေါတော့ အများပိုင်းက လယ်မလုပ်တော့ဘဲ ဝယ်ပဲ ဝယ်စားကြတာ။ အဲဒါကြောင့် အခုလို အခြေအနေမှာ ပိုပြီးခက်ခဲတာပေါ့။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလည်း ဆန်ပြတ်လပ်တဲ့ အိမ်ထောင်စုတွေ များလာပြီ”

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ကချင်ပြည်နယ် မြစ်ကြီးနား-ပူတာအိုကားလမ်းပေါ်မှာရှိတဲ့ ဆွမ်ပရာဘွမ်မြို့က စစ်ကောင်စီတပ်ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က မတ်လ ၁၀ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့တဲ့အချိန်ကစလို့ ပူတာအိုခရိုင်ကိုဆက်သွယ်ထားတဲ့ တစ်ခုတည်းသော ကားလမ်းကို စစ်ကောင်စီတပ်က ဖြတ်တောက်ပိတ်ဆို့ထားတာလို့ ဒေသခံတွေက ပြောပါတယ်။

မေလ ၅ ရက်နေ့မှာ ဆွမ်ပရာဘွမ်မြို့ကို KIA သိမ်းပိုက်ထားပေမယ့် မြစ်ကြီးနား-ပူတာအိုလမ်းပိုင်းမှာ နှစ်ဖက်တိုက်ပွဲတွေ ဆက်ရှိနေတယ်လို့ ဆိုပါတယ်။

ပူတာအိုခရိုင်မှာ ပူတာအို၊ ဆွမ်ပရာဘွမ်၊ နောင်မွန်၊ မချမ်းဘော၊ ခေါင်လန်ဖူး စတဲ့ မြို့နယ်ငါးခုရှိပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ စာရင်းတွေအရ ခရိုင်တစ်ခုလုံးမှာ လူဦးရေ တစ်သိန်းကျော် နေထိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။