ရခိုင်မှာ နှစ်ဘက်အပစ်ရပ်ပြီးနောက် ပြန်ဖွင့်ထားတဲ့လမ်းကို စစ်ကောင်စီကပြန်ပိတ်

RFA Burmese
2022.12.01
ရခိုင်မှာ နှစ်ဘက်အပစ်ရပ်ပြီးနောက် ပြန်ဖွင့်ထားတဲ့လမ်းကို စစ်ကောင်စီကပြန်ပိတ် စစ်တွေ-ပုဏ္ဏားကျွန်း ကားလမ်းတစ်နေရာအား တွေ့ရစဉ်။
Photo: RFA

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ လူသားချင်းစာနာမှုဆိုင်ရာ ယာယီအပစ်အခတ် ရပ်စဲလိုက်ပြီးနောက် နိုဝင်ဘာ ၂၈ ရက်နေ့က ပြန်ဖွင့်ပေးခဲ့တဲ့ ရေချမ်းပြင် - အငူမော် ဆိပ်ကမ်းကို စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၁ ရက် ဒီနေ့မှာပဲ ပြန်ပိတ်လိုက်တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ရေချမ်းပြင်မှာရှိတဲ့ စစ်ကောင်စီတပ်က ကူးတို့စက်လှေတွေကို ဖြတ်သန်းသွားလာခွင့် မပေးတော့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အရင်က အဲဒီလမ်းကို စည်ပင်ကနေ ပိတ်တာပေါ့နော်။ အခုတိုက်ပွဲ ရပ်လိုက်တော့ စည်ပင်ကလည်း တရားဝင်စာထုတ်ပေးတယ်။ ဒါပေမဲ့ ဒီကနေ့ အဲဒီ ရေချမ်းပြင် စစ်တပ်က သွားခွင့်မပေးတော့တာ။ အဲဒီလမ်းကြောင်းက ရသေ့တောင်မြို့နယ် ဒေသခံတွေအတွက် တော်တော်လေးအရေးပါတဲ့လမ်းပါ”

အောက်ခြေမှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်တွေအကြား အခြေအနေတင်းမာမှုကြောင့် လမ်းကြောင်းကိုပြန်ပိတ်လိုက်တာလို့ ဒေသခံအချို့က ပြောဆိုကြပေမယ့် ဒီအချက်နဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ရေချမ်းပြင် - အငူမော်လမ်းကို ပိတ်လိုက်တဲ့အတွက်ကြောင့် ဒေသခံတွေဟာ တိုက်ပွဲ ကာလတုန်းကလိုပဲ သွားလားရေးတွေ၊ ကုန်စည်ပို့ဆောင်ရေးတွေ ဆက်လက်ခက်ခဲ နေဆဲဖြစ်တယ်လို့လည်း ဆိုပါတယ်။

စစ်တွေမြို့နယ် ရေချမ်းပြင်နဲ့ ရသေ့တောင်မြို့နယ် အငူမော်ဆိပ်ကမ်းဟာ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော ဒေသတွေအတွက် အဓိကအရေးပါတဲ့ လမ်းကြောင်းတစ်ခုဖြစ် ပါတယ်။

အလားတူပဲ စစ်ကောင်စီတပ်ဟာ တိုက်ပွဲရပ်လိုက်ပေမယ့် စစ်တွေ-ပုဏ္ဏားကျွန်းကားလမ်း၊ ပုဏ္ဏားကျွန်း-ရသေ့တောင်ကားလမ်းနဲ့ ကုန်းလမ်းတချို့ကို စစ်ကောင်စီတပ်က ဒီနေ့အထိ ပိတ်ပင်ထားဆဲဖြစ်တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

စစ်တွေမြို့အဝင်အထွက်ဖြစ်တဲ့ စစ်ကောင်စီတပ်ထိန်းဂိတ်ကို ဒီကနေ့မှာ ဖြတ်သွားခွင့်ပေးပေမယ့် ပုဏ္ဏားကျွန်းမြို့နယ်အထိ သွားလာလို့မရသေးသလို ပြီးခဲ့တဲ့ သြဂုတ်လကတည်းက ပိတ်ပင်ထားတဲ့ ပုဏ္ဏားကျွန်း-ရသေ့တောင်ကားလမ်းကိုလည်း ဒီကနေ့အထိ ဖွင့်မပေးသေးဘူးလို့လည်း ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ဟာ ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါရဲ့ ကြားဝင်ဆောင်ရွက်မှုနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အပစ်အခတ် ရပ်စဲလိုက်တာဖြစ်ပါတယ်။

ရခိုင်ပြည်သူတွေ စစ်ဘေးကြောင့် ခံစားနေရတဲ့ အခက်အခဲ၊ အကျပ်အတည်းတွေကို ရှေးရှူးပြီးတော့ စစ်ကောင်စီတပ်နဲ့ သူသားချင်းစာနာမှုဆိုင်တာ ယာယီအပစ်အခတ်ရပ်စဲခဲ့ တာလို့ ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရ ဦးခိုင်သုခက နိုဝင်ဘာ ၂၈ ရက်နေ့က ပြုလုပ်တဲ့ အွင်လိုင်းကနေ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

စစ်ကောင်စီတပ်က ကုန်းလမ်း၊ ရေးလမ်းပိတ်ဆို့မှုတွေ၊ ဆေးဝါးနဲ့ စားနပ်ရိက္ခာပြတ်လတ်မှု အခက်အခဲနဲ့ ရင်ဆိုင်နေကြရသလို တောင်သူလယ်သမားတွေ စပါးရိပ်သိမ်းဖို့ အရေးတကြီး လိုအပ်နေတာကြောင့်လို့လည်း ဆိုပါတယ်။

ရခိုင်မှာ အပစ်အခတ်ရပ်စဲကြောင်း နှစ်ဖက်လုံး တရားဝင်ပြောဆိုပြီးနောက်ပိုင်း နိုဝင်ဘာ ၂၈ ရက်နေ့မှာတော့ ကာလရှည်ကြာပိတ်ထားခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရေလမ်းကြောင်းတွေကို စစ်ကောင်စီတပ်က ပြန်ဖွင့်ပေခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီကုန်းလမ်း တချို့ကိုတော့ အခုအထိပိတ်ပင်ထားဆဲဖြစ်ပါတယ်။

အခုလို ကုန်လမ်းတချို့ကို စစ်ကောင်စီတပ်က ပိတ်ပင်ထားတာနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ဟာ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ဇူလိုင်လအတွင်းမှာ မောင်တောမြို့နယ် မြောက်ပိုင်းကစလို့ တစ်ကျော့ပြန်တိုက်ပွဲတွေ ပြင်းထန်လာခဲ့တာ ဖြစ်ပြီး လေးလကျော်အကြာမှာပဲ အပစ်အခတ်ရပ်စဲခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။