ရခိုင်ပြည်နယ်က ရိုဟင်ဂျာအရပ်သားတွေကို စစ်ကောင်စီက ပစ်မှတ်ထားပြီး လေကြောင်းကတိုက်ခိုက်တာကို ဗြိတိန်အခြေစိုက် မြန်မာ-ရိုဟင်ဂျာ အသင်း (BROUK) က မနေ့က ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
ပဋိပက္ခအရှိန်တိုးလာတာနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးခေါ်ယူဖို့ ဗြိတိန်အစိုးရကိုလည်း တိုက်တွန်းပါတယ်။
မကြာခင် သီတင်းပတ်တွေအတွင်း စစ်ကောင်စီက လေကြောင်းကတိုက်ခိုက်တဲ့အတွက် ရိုဟင်ဂျာ ၃၈ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ဒီထဲ ကလေး ၁၅ ယောက်ပါဝင်တယ်လို့ ပြောပါတယ်။
မင်းပြားမြို့နယ် သာဒါရိုဟင်ဂျာရွာကို စစ်ကောင်စီဂျက်တိုက်လေယာဉ်က မတ် ၁၈ ရက်က ဗုံးကြဲတဲ့အတွက် အရပ်သား ၂၂ ယောက်သေဆုံးပြီး ၃၀ ထက်မနည်း ဒဏ်ရာပြင်းထန်စွာရရှိခဲ့တယ်လို့ BROUK ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။ သေဆုံးတဲ့သူ တစ်ဝက်ဟာ ကလေးတွေဖြစ်ပါတယ်။
မင်းပြားမြို့နယ်ကို ဖေဖော်ဝါရီ ၆ ရက်မှာ ရက္ခိုင့်တပ်တော်(AA) က ထိန်းချုပ်လိုက်တဲ့အတွက် စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ တိုက်ခိုက်ချိန်မှာ တိုက်ပွဲမရှိဘူးလို့ BROUK က ထောက်ပြပါတယ်။
BROUK အဖွဲ့ရဲ့ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။