ရိုဟင်ဂျာပြဿနာ ကြာရှည်လာရင် နိုင်ငံတည်ငြိမ်မှုထိခိုက်လာနိုင်ကြောင်း ဘင်္ဂလားဒေ့ရှ် ပြော

2022.09.12
ရိုဟင်ဂျာပြဿနာ ကြာရှည်လာရင် နိုင်ငံတည်ငြိမ်မှုထိခိုက်လာနိုင်ကြောင်း ဘင်္ဂလားဒေ့ရှ် ပြော ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားတွင် ၂ဝ၂၂ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က နေရပ်ပြန်ခွင့်ရရေးအတွက် ရိုဟင်ဂျာဒုက္ခသည်များ တောင်းဆိုဆန္ဒပြနေစဉ်။
Photo: AFP

နိုင်ငံအတွင်း ရိုဟင်ဂျာဒုက္ခသည် တစ်သန်းကျော် ကာလကြာရှည် ဆက်ရှိနေမယ်ဆိုရင် နိုင်ငံ့လုံခြုံရေးနဲ့ တည်ငြိမ်ရေးထိခိုက်လာမှာကို အလေးအနက်စိုးရိမ်နေရကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက တနင်္လာနေ့က ပြောဆိုလိုက်တယ်လို့ AP သတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။

ဒုက္ခသည်တွေကို စာနာပေမယ့် ပြည်တွင်းမှာ ကာလကြာရှည် ဆက်ရှိနေမယ်ဆိုရင်တော့ ဘင်္ဂလားဒေ့ရှ်ရဲ့ စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေး၊ နိုင်ငံရေး မတည်ငြိမ်မှုနဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေ ပေါ်ပေါက်လာနိုင်ကြောင်း ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ က အင်ဒိုပစိဖိတ်ဒေသတွင်း ၂၄ နိုင်ငံက စစ်တပ်အရာရှိများစည်းဝေးမှု ဖွင့်ပွဲအခမ်းအနားမှာ ပြောကြားခဲ့တာပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့မှာ သုံးရက်ကြာ ကျင်းပမယ့် အဲဒီအင်ဒိုပစိဖိတ်စစ်တပ်များ စီမံခန့်ခွဲရေးစည်းဝေးပွဲကို ဘင်္ဂလားဒေ့ရှ်စစ်တပ်နဲ့အတူ အမေရိကန်ပြည်ထောင်စုက ပူးတွဲကျင်းပခဲ့တာဖြစ်ပါတယ်။

ပါဝင်တဲ့နိုင်ငံတွေရဲ့ စစ်တပ်တွေအနေနဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု၊ နယ်ကြားဖြတ်ကျော် ရာဇဝတ်မှု၊ လုံခြုံရေး ကိစ္စတွေနဲ့ အမျိုးသမီးများရဲ့ဆောင်ရွက်နိုင်စွမ်းတွေကို ပိုမိုတိုးမြှင့်ပေးဖို့၊ အကြမ်းဖက်မှုတွေကြောင့် မြန်မာနိုင်ငံကနေ ထွက်ပြေးလာခဲ့ကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကိစ္စ စတာတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

အဲဒီဆွေးနွေးပွဲမှာ အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ ဩစတေးလျ၊ ဂျပန်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ တရုတ်နဲ့ ဗီယက်နမ်နိုင်ငံတွေပါဝင်ခဲ့ကြပြီး၊ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့်ရှုလေ့လာကြမယ်လို့ ဘင်္ဂလားဒေ့ရှ် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး Shafiuddin Ahmed က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ကတော့ ဒုက္ခသည်တွေပြန်ပို့ရေးဟာ တစ်ခုတည်းသော နည်းလမ်းဖြစ်ပေမယ့် သူတို့ကို အတင်းအကြပ် အဓမ္မပြန်ပို့မှာတော့ မဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။