ကပ္ပလီပင်လယ်ပြင်က ရိုဟင်ဂျာတွေကို ကယ်ဆယ်ဖို့ အာဆီယံနိုင်ငံတွေကို ကုလတိုက်တွန်း

ကပ္ပလီပင်လယ်ပြင်မှာ သီတင်းပတ်များစွာ မျောပါနေတဲ့ လှေတစ်စင်းပေါ်က ရိုဟင်ဂျာလို့ယူဆရတဲ့ လူ ၁၉၀ ခန့်ကို ဝိုင်းဝန်းကူညီကယ်ဆယ်ဖို့ အရှေ့တောင်အာရှနိုင်ငံတွေကို ကုလသမဂ္ဂနဲ့ တခြားအဖွဲ့အစည်းတွေက တိုက်တွန်းလိုက်ပါတယ်။

လှေပေါ်ပါလာသူ အများစုဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ငါးနှစ်ကြာနေထိုင်ခဲ့ပြီး ပိုမိုကောင်းမွန်တဲ့ဘဝတွေကို ရှာဖွေဖို့အတွက် မလေးရှားနဲ့ အင်ဒီုနီးရှားကိုထွက်ခွာလာကြတဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်စလင်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဂြိုလ်တုဖုန်းကတစ်ဆင့် မိသားစုထံကို ပေးပို့တဲ့ သူတို့ရဲ့စာတွေမှာ သူတို့အခြေအနေ အတော်လေးဆိုးဝါးနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။

သူတို့ဟာ ဒေသတွင်းတိုင်းပြည်တွေရဲ့ ကူညီကယ်ဆယ်မှုမရဘဲ အစာရေစာမလုံမလောက်နဲ့ ပင်လယ်ထဲမျောနေတာ တစ်လကြာနေပြီဖြစ်ပြီး ဆိုးရွားတဲ့အခြေအနေ ကြုံနေခဲ့တယ်လို့ အစီရင်ခံစာတွေက ဖော်ပြကြောင်း UNHCR က ထုတ်ပြန်ပါတယ်။

အများစုက အမျိုးသမီးတွေနဲ့ ကလေးတွေဖြစ်ကြပြီး ဒီခရီးစဉ်အတွင်းမှာ လူအယောက် ၂၀ ထက်မနည်း သေဆုံးခဲ့ကြောင်း သတင်းတွေရရှိတယ်လို့ ဆိုပါတယ်။

လှေပေါ်ပါလာသူအားလုံးကို ကယ်ဆယ်ဖို့နဲ့ လူသားဆန်တဲ့ တာဝန်ဝတ္တရားနဲ့အညီ ဘေးကင်းလုံခြုံစွာ ဆင်းသက်ခွင့်ပြုဖို့ နိုင်ငံအားလုံးမှာ တာဝန်ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။

အတည်မပြုနိုင်တဲ့ သတင်းတွေအရ အဲဒီလှေဟာ လက်ရှိမှာ အင်ဒိုနီးရှားနိုင်ငံ အာချေးမြို့ရဲ့ မြောက်ဘက်မှာ ရှိနေကြောင်း သိရတယ်လို့ UNHCR က ဆိုပါတယ်။