ဘောဒူဖ မွတ်စလင်စခန်း မီးလောင်

ရခိုင်ပြည်နယ် စစ်တွေမြို့က ဘောဒူဖ အမှတ်(၂) မွတ်စလင် ဒုက္ခသည်စခန်းမှာ ဒီနေ့မနက်က မီးလောင်ကျွမ်းခဲ့ရာမှာ ၈ ခန်းတွဲ တဲတန်းလျားပေါင်း ၅၅ လုံး ပျက်စီးပြီး လူပေါင်း ၁၇၀၀ ကျော် လောက် အိုးမဲ့အိမ်မဲ့ဖြစ်နေပါတယ်။

မီးဘေးဒုက္ခသည်တွေအတွက် အမြန်ဆုံးပြန်လည်နေရာချထားရေး ဆောင်ရွက်သွားမယ်လို့ စစ်တွေခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဝင်းနောင်က ပြောပါတယ်။

"ကျနော်တို့ ပြည်နယ်အစိုးရအဖွဲ့ကဆိုရင် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး စိစစ်ပြီးတော့ ဒုက္ခသည်စခန်းလေး ကျနော်တို့ဖွင့်ထားပါတယ်၊ ပြီးရင် သူတို့ ရဲ့စားနပ်ရိက္ခာထောက်ပံ့မှုလည်း လက်ရှိအမြန်ဆုံးစီစဉ်နေပါတယ်၊ ဖြစ်သွားပြီးပြီဆိုတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေအားလုံးနဲ့ ပူးပေါင်းပြီးတော့ ကျနော်တို့ အမြန်ဆုံး နေရာချထားပြီးတော့ စီစဉ်သွားကြမှာဖြစ်ပါတယ်"

ဒီနေ့ မနက် ၉ နာရီ ၁၅ မိနစ်လောက်က ထမင်းချက်ရာကနေ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးဟာ ငွေကျပ် သိန်းပေါင်း ၁၃၀၀ ကျော်လောက် ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

စစ်တွေမြို့အနောက်ဘက်မှာရှိတဲ့ ဘောဒူဖ အမှတ်(၂)မွတ်စလင်ဒုက္ခသည်စခန်းမှာ ၈ ခန်း တွဲတန်းလျား အဆောင်ပေါင်း ၁၅၀ ကျော်ရှိတာဖြစ်ပြီး အဲဒီအထဲက အခန်းပေါင်း ၄၀၀ ကျော်ပါဝင်တဲ့ တဲတန်းလျားပေါင်း ၅၅ လုံး ပျက်စီးဆုံးရှုံးသွားတာဖြစ်ပါတယ်။

အိုးအိမ်ဆုံးရှုံးခဲ့တဲ့ မီးဘေးဒုက္ခသည်တွေကို အဲဒီစခန်းအနီးက နေရာလွတ်မှာ ယာယီနေရာ ချပေးထားပါတယ်။

ဘောဒူဖမွတ်ဆလင်ဒုက္ခသည်စခန်းဟာ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်က စစ်တွေမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် အစိုးရက ယာယီနေရာချထားပေးတဲ့ ဒုက္ခသည်စခန်းတစ်ခုလည်း ဖြစ်ပါတယ်။