မအူပင်မြို့နယ်၊ အောက်ဒုံးရွာအနီး ရိုဟင်ဂျာ ၅၄ ဦး ဖမ်းဆီးခံရ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ အောက်ဒုံးရွာအနီး တိုးမြစ်အတွင်းမှာ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့က ဖမ်းဆီးခံရသည့် ရိုဟင်ဂျာအချို့ကို တွေ့ရစဉ်။
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ အောက်ဒုံးရွာအနီး တိုးမြစ်အတွင်းမှာ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့က ဖမ်းဆီးခံရသည့် ရိုဟင်ဂျာအချို့ကို တွေ့ရစဉ်။ (Photo: Citizen Journalist)

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ အောက်ဒုံးရွာအနီး တိုးမြစ်အတွင်းက ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး အပါအဝင် ရိုဟင်ဂျာ ၅၄ ဦးကို အောက်တိုဘာ ၂၂ ရက် မနေ့က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ ရိုဟင်ဂျာ အမျိုးသား ၃၇ ဦး၊ အမျိုးသမီး ၁၃ ဦး၊ ကလေးငယ် လေးဦး ပါဝင်တယ်လို့ မအူပင်မြို့နယ် ဒေသခံတွေက ပြောပါတယ်။

ရိုဟင်ဂျာတွေ လိုက်ပါလာတဲ့ စက်လှေဟာ တိုးမြစ်အတွင်း မောင်းနှင်နေတုန်း ဖမ်းဆီး ခံလိုက်ရတာလို့ အမည်မဖော်လိုတဲ့ မအူပင်မြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။

"သူတို့အကုန် မအူပင်ရဲစခန်းမှာ ချုပ်ထားတယ်လို့ သိထားတယ်။ ရခိုင်ဘက်က ထွက်ပြေးလာကြသူတွေပေါ့။ သူတို့ကို ကြည့်ရတာ အစားအစာလည်း ကောင်းကောင်း မစားရတဲ့ ပုံပဲ၊ ကလေးတွေလည်း ပိန်နေတာပဲ"

ရိုဟင်ဂျာတွေကို သယ်ဆောင်လာတဲ့ စက်လှေမောင်းသမား လေးဦးကိုလည်း မအူပင်မြို့နယ် ရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ သူက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ဧရာဝတီတိုင်း၊ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဦးမောင်မောင်သန်း ကို RFA က ဖုန်းနဲ့ဆက်သွယ်ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

အောက်တိုဘာ ၂၀ ရက်ကလည်း ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်ထဲမှာ ရိုဟင်ဂျာ ၁၁၇ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

နေရပ်စွန့်ခွာပြီး ပြည်ပနိုင်ငံတွေကို ရွှေ့ပြောင်းကြတဲ့ ရိုဟင်ဂျာတွေကို စစ်ကောင်စီက အထောက်အထားမဲ့ ရွှေ့ပြောင်းသွားလာတယ်ဆိုပြီး လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေနဲ့ ထောင်နှစ်နှစ်ကနေ ငါးနှစ်အထိ ဖမ်းဆီးထောင်ချနေတာပါ။

RFA ရဲ့ စာရင်းတွေအရ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာကနေ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၃ ရက် ဒီကနေ့အထိ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေကို စွန့်ခွာပြီး ရွှေ့ပြောင်းနေထိုင်ဖို့ ကြိုးစားတဲ့ ရိုဟင်ဂျာ ၁၁၆၃ ဦး ဖမ်းဆီးခံထားရပါတယ်။ အဲဒီအထဲက ၂၂၃ ဦးဟာ ထောင်ဒဏ်ချမှတ်ထားရပါတယ်။