ဘူးသီးတောင်မှာ AA အလိုမရှိ၊ တိုက်ပွဲအလိုမရှိဆိုပြီး ရိုဟင်ဂျာတွေ ဆန္ဒပြ

ဘူးသီးတောင်တွင် AA အလိုမရှိ၊ တိုက်ပွဲအလိုမရှိဆိုပြီး ရိုဟင်ဂျာများ ၂၀၂၄ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့က ဆန္ဒပြခဲ့ကြစဉ်။
ဘူးသီးတောင်တွင် AA အလိုမရှိ၊ တိုက်ပွဲအလိုမရှိဆိုပြီး ရိုဟင်ဂျာများ ၂၀၂၄ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့က ဆန္ဒပြခဲ့ကြစဉ်။ (ဟန်ငြိမ်းဦး)

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောခရိုင် ဘူးသီးတောင်မြို့ပေါ်မှာ မတ်လ ၁၉ ရက်နေ့ မနေ့နေ့လယ်ပိုင်းက မြို့ပေါ်မှာကျန်နေတဲ့ ရိုဟင်ဂျာခုနစ်ရာခန့်ဟာ ရက္ခိုင့်တပ်တော် (AA) အလိုမရှိဘူးဆိုပြီး ချီတက်ဆန္ဒပြခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

(AA) အလိုမရှိ၊ တိုက်ပွဲအလိုမရှိ၊ ဘူးသီးတောင်ကိုကာကွယ်ကြ ဆိုတဲ့ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး မြို့ကိုလှည့်ပတ် ဆန္ဒပြခဲ့ကြတာလို့ ဆိုပါတယ်။

အဲဒီဆန္ဒပြတဲ့ ရုပ်သံဖိုင်နဲ့ ဓာတ်ပုံတချို့လည်း စစ်ကောင်စီရဲ့ဝါဒဖြန့် လူမှုကွန်ရက်တွေပေါ်မှာ ပျံ့နှံ့နေပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဘူးသီးတောင်မြို့ခံတစ်ဦးက ရိုဟင်ဂျာတွေ ဆန္ဒပြခဲ့တာဟုတ်မှန်ပြီး ဒါဟာ လူမျိုးရေးပဋိပက္ခဖြစ်အောင် စစ်ကောင်စီအနေနဲ့ နောက်ကွယ်ကကြိုးကိုင်နေတာလို့ RFA ကို ပြောပါတယ်။

“ဘူးသီးတောင်ကိစ္စက ဟုတ်တယ်။ တပ် (စစ်ကောင်စီ) က ပါတယ်။ တပ်ကပါပြီးတော့ သူတို့ကို မြှောက်ပေးတဲ့ ပုံစံမျိုးပါ။ မနေ့က မြို့ကလူတွေ အားလုံးနီးပါး ထွက်သွားကြပြီ”

ရိုဟင်ဂျာလွတ်မြောက်ရေး ညွန့်ပေါင်းအဖွဲ့ ပူးတွဲတည်ထောင်သူ ကိုရိုနေဆန်းလွင်ကလည်း ဆန္ဒပြခဲ့သူတွေဟာ မြို့ပေါ်ကမဟုတ်ဘဲ တပ်မင်းချောင်း၊ ကျောက်ဖြူတောင်ရွာနဲ့ တခြားရွာတွေကနေ စစ်ကောင်စီတပ်က ခေါ်လာတဲ့ ရိုဟင်ဂျာတွေဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

“အဲဥစ္စာကမြို့ပေါ်ကလူတွေ မဟုတ်ဘူး။ ရွာတွေက ကားဆယ်စီးနဲ့ခေါ်လာပြီးတော့ အဲလိုမျိုး အတင်းအဓမ္မ ဆန္ဒပြခိုင်းတာပေါ့နော်။ မြို့ပေါ်ကလူတွေ မဟုတ်ဘူးလို့ ကျွန်တော်တို့ သိရတယ်။ စစ်ကောင်စီဘက်ကနေ အကုန်စီစဥ်ပေးတာပေါ့နော်။ ဒါကတော့ သေချာသိသာတာပေါ့နော်။ လူမျိုးစုနှစ်စုကြားမှာ နားလည်မှုတွေ လွဲမှားပြီးတော့ ပြဿနာတွေဖြစ်လာအောင် စစ်ကောင်စီကနေပြီးတော့ ဒီလိုလုပ်ပေးနေတယ်ဆိုတာ သိသာထင်ရှားလာတယ်ပေါ့နော်”

ရိုဟင်ဂျာတွေဆန္ဒပြတာဟာ စစ်ကောင်စီတပ်ရဲ့ ကြိုးကိုင်လှုပ်ရှားမှုကြောင့်လို့ ပြောတဲ့အပေါ် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သလို စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဆက်သွယ်ခဲ့ရာမှာ သူ့အနေနဲ့ခရီးသွားနေတာကြောင့် ဖြေဖို့ငြင်းဆိုခဲ့ပါတယ်။

စစ်ကောင်စီလက်အောက်ခံ မောင်တောခရိုင် အုပ်ချုပ်ရေးပိုင်းက အမည်မဖော်လိုတဲ့ အရာရှိတစ်ဦးကတော့ ဘူးသီးတောင်မြို့ပေါ်မှာ ရိုဟင်ဂျာတွေ ဆန္ဒပြခဲ့ကြတာမှန်တယ်လို့ RFA ကို အတည်ပြုပေမယ့် ဘာကြောင့်ဆန္ဒပြတယ်ဆိုတာကိုတော့ သူ့အနေနဲ့မပြောပါဘူး။

ဒါ့အပြင် ရက္ခိုင့်တပ်တော် (AA) ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကလည်း အဲဒီကိစ္စနဲ့ပတ်သက်ပြီး သူတို့အနေနဲ့ သေချာစိစစ်နေဆဲဖြစ်တယ်လို့သာ RFA ကို တုံ့ပြန်ပါတယ်။

၂၀၁၉ ခုနှစ် သန်းခေါင်စာရင်းအရ ဘူးသီးတောင်မြို့ပေါ်မှာ လက်ရှိလူဦးရေ နှစ်သောင်းနီးပါး (၁၈၀၉၃) ရှိပေမယ့် အဲဒီအထဲမှာ လူမျိုးဘာသာနဲ့ပတ်သက်ပြီး ရာခိုင်နှုန်းအတိအကျကိုတော့ ဖော်ပြမထားပါဘူး။

ဒါပေမဲ့ ၁၉၅၃ ခုနှစ် သန်းခေါင်စာရင်းအရ ဘူးသီးတောင်မြို့ပေါ်မှာ လူဦးရေသုံးထောင်ကျော် (၃၁၉၃ ဦး) ရှိချိန်က ရခိုင်လူမျိုးအပါအဝင် ဗုဒ္ဓဘာသာကိုးကွယ်သူ လေးဆယ်ရာခိုင်နှုန်းသာရှိပြီး ရိုဟင်ဂျာ အပါအဝင် အစ္စလာမ်ဘာသာ ကိုးကွယ်သူက ခြောက်ဆယ်ရာခိုင်နှုန်းရှိတယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိတော့ မြို့ပေါ်မှာရှိတဲ့ ဒေသခံ ရခိုင်လူမျိုးအများစုဟာ မတ်လ ၁၉ ရက်နေ့ မနက်ပိုင်းကစပြီး မြို့ကိုစွန့်ခွာ ထွက်ပြေးသွားတာကြောင့် မြို့ပေါ်မှာဒေသခံရခိုင်လူမျိုး ၂၀ ရာခိုင်နှုန်းသာ ကျန်တော့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

မြို့ခံတွေတိမ်းရှောင်သွားတဲ့ ဘူးသီးတောင်မြို့တောင်ပိုင်း အထွက်လမ်းတွေကိုလည်း ဒီနေ့နေ့လယ်ပိုင်းကစပြီး မြို့အထွက်မှာရှိတဲ့ နယ်ခြားစောင့်ရဲတပ်ရင်း နခခ (၈) က ပိတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘူးသီးတောင်မြို့နယ်မှာ လက်ရှိ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကော်စီတပ်တို့ တိုက်ပွဲအပြင်းအထန် ဖြစ်နေပါတယ်။