နိုင်ငံတကာက တရားဝင်အသိအမှတ်ပြုချိန် ရိုဟင်ဂျာတွေပြန်ခေါ်မယ်လို့ AA ပြော

နိုင်ငံတကာအပါအဝင် ဘင်္ဂလားဒေ့ရှ်အစိုးရက ရက္ခိုင့်တပ်တော် (AA) ကို အသိအမှတ်ပြု ပြီး တရားဝင် စကားပြောခွင့် ရတဲ့အချိန်မှာ ရခိုင်ပြည်နယ်ကနေ တစ်ဘက်ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးသွားရတဲ့ ရိုဟင်ဂျာတွေကို ပြန်ခေါ်မယ်လို့ AA ဘက်က ပြောလိုက်ပါ တယ်။

AA အဖွဲ့က စက်တင်ဘာ ၁၉ ရက် ဒီကနေ့ အွန်လိုင်းပေါ်ကနေ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ AA ပြောခွင့်ရ ဦးခိုင်သုခက ထည့်သွင်းပြောခဲ့တာပါ။

စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးကြောင်း ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကတည်းက တစ်ဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရတဲ့ ဘူးသီးတောင်၊ မောင်တောက ရိုဟင်ဂျာဒုက္ခသည်တွေကို လက်ခံရေးကိစ္စ ဆောင်ရွက်နိုင်ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ က အသိအမှတ်ပြုဖို့ လိုအပ်တယ်လို့လည်း AA ပြောပါတယ်။

“နိုင်ငံတကာနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရက ULA/AA ကို ဒီပြဿနာကို ဖြေရှင်းတဲ့အခါမှာ ကျနော်တို့ကို အသိအမှတ်ပြုဖို့လိုပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ UN အပါအဝင် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက ကူညီထောက်ပံ့မှု အပြည့်အဝပေးပြီးတော့ ULA/AA နဲ့အတူ ရပ်တည်ပေးဖို့လိုပါတယ်”

အဲဒီလို အခြေအနေမျိုးရောက်မှသာ ULA/AA ရဲ့ ဒုက္ခသည်လက်ခံရေးနဲ့ ပြန်လည်နေရာ ချထားရေး မူဝါဒကို တရားဝင် ထုတ်ပြန်ကြေညာပြီး ရေရှည်ငြိမ်းချမ်းစွာ တူတူယှဉ်တွဲ နေထိုင်ဖို့ နှစ်ဖက်လုံးလက်ခံနိုင်တဲ့ ဖြေရှင်းမှုပုံစံနဲ့ ဖြေရှင်းသွားမယ်လို့လည်း ဆိုပါတယ်။

လက်ရှိ AA ဟာ နိုင်ငံတကာအသိအမှတ်ပြု အာရက္ခနိုင်ငံအစိုးရတစ်ရပ်ဖြစ်ဖို့ ကြိုးစားနေ တဲ့ကာလဖြစ်ပြီး နိုင်ငံတကာနဲ့ တရားဝင်စကားပြောနိုင်တဲ့ အခြေအနေကို ရောက်တဲ့အခါ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ဘယ်လိုပူးပေါင်းဆောင် ရွက်မလဲ ဆိုတာကို တရားဝင် ထုတ်ပြောဖို့ရှိတယ်လို့လည်း ဦးခိုင်သုခက ပြောပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေမှာ စစ်တပ်ရဲ့ နယ်မြေ ရှင်းလင်းရေးကြောင့် ရိုဟင်ဂျာ ခုနစ်သိန်းကျော်ဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကတည်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရတာပါ။

သူတို့ကို အခုစတင်ဘာလအတွင်းမှာပဲ ပြန်လည်လက်ခံဖို့ စစ်ကောင်စီက ကြိုးစားနေ ပေမယ့် ရိုဟင်ဂျာတွေကတော့ နိုင်ငံသားဖြစ်ခွင့် အပါအဝင်၊ လွတ်လပ်စွာ သွားလာလုပ် ကိုင်ခွင့်တွေပေးမှသာ ပြန်လာမယ်လို့ ရိုဟင်ဂျာ ဒုက္ခသည်တွေက RFA ကို ပြောဆိုထား ပါတယ်။