ရိုဟင်ဂျာစက်လှေတစ်စင်း အင်ဒိုနီးရှားကမ်းခြေ ထပ်ရောက်

ရိုဟင်ဂျာ ၁ဝဝ ကျော်လိုက်ပါလာတဲ့ စက်လှေတစ်စင်း အင်ဒိုနီးရှားနိုင်ငံ အာချေးကမ်းခြေကို နိုဝင်ဘာ ၁၆ ရက် ဗုဒ္ဓဟူးနေ့မနက်က ထပ်မံရောက်ရှိလာခဲ့ပါတယ်။

မြန်မာနိုင်ငံအနောက်ပိုင်းကနေ သစ်သားလှေကိုအသုံးပြုပြီး အန္တရာယ်များလှတဲ့ ပင်လယ်ပြင်ခရီးကြမ်းကို ဖြတ်ကျော်လာခဲ့ကြတာပါ။ ဒီအထဲမှာ ကလေး ၂၂ ယောက်၊ အမျိုးသမီး ၃၆ ယောက်နဲ့ အမျိုးသား ၆၁ ယောက် ပါဝင်ပါတယ်။

သူတို့ကို Bluka Teubai ရွာမှာထားရှိပြီး အင်ဒိုနီးရှားအာဏာပိုင်တွေဆီက နောက်ထပ်သတင်းအချက်အလက်တွေရဖို့ စောင့်ဆိုင်းနေကြပါတယ်။

အလားတူ အင်္ဂါနေ့ကလည်း ရိုဟင်ဂျာ ၁၁ဝ လိုက်ပါလာတဲ့ စက်လှေဟာ အာချေးကမ်းခြေအနီးကို ဆိုက်ရောက်ခဲ့တာပါ။ မူလက မလေးရှားနိုင်ငံကို သွားဖို့ ရည်ရွယ်ခဲ့တာလို့ ဒီဒုက္ခသည်တွေက ပြောပါတယ်။

အင်ဒိုနီးရှားအာဏာပိုင်တွေကတော့ အခုရောက်လာတဲ့ ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံက ထွက်လာတာ ဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။

ပြီးခဲ့တဲ့မတ်လကလည်း ရိုဟင်ဂျာဒုက္ခသည် ၁၁၄ ယောက်ကို အာချေးပြည်နယ် Bireuen ခရိုင်အနီး ကမ်းခြေမှာ တွေ့ရှိခဲ့ပါတယ်။

၂ဝ၁၇ သြဂုတ်လက မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုစစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ သိန်းနဲ့ချီပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ရပါတယ်။

လက်ရှိ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာတွေဟာ ဒေသတွင်းက မွတ်စလင်နိုင်ငံတွေမှာ ကောင်းမွန်တဲ့ဘဝတစ်ခုကို ရှာဖို့ အသက်အန္တရာယ်များလှတဲ့ ပင်လယ်ပြင်ကို ကျော်ဖြတ်နေကြတာလည်း ဖြစ်ပါတယ်။