ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားဒုက္ခသည်စခန်းက လုပ်အားပေးလုံခြုံရေးအစောင့်တစ်ဦး အသတ်ခံခဲ့ရတယ်လို့ ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ ဒါဟာ ငါးယောက်မြောက် အသတ်ခံရတဲ့ လုံခြုံရေးအစောင့်ဖြစ်တယ်လို့လည်း ဆိုပါတယ်။
လူသတ်မှုကျူးလွန်သူတွေဟာ ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်ခြားတစ်လျှောက်လှုပ်ရှားနေတဲ့ ရခိုင်-ရိုဟင်ဂျာ လွတ်မြောက်ရေးအဖွဲ့ ARSA အာဆာက ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်ရဲက ယူဆပါတယ်။
ဗုဒ္ဓဟူးနေ့မနက်အစောပိုင်းမှာ လူအယောက် ၂ဝ ကျော်ပါတဲ့ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဘာလုခါလီစခန်းက အသက် ၃၅ နှစ် အရွယ် မိုဟာမက် ဂျေဖောကို သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ ရဲက ပြောပါတယ်။ လုံခြုံရေးအစောင့် တွေဟာ သူတို့အတွက် အဟန့်အတားဖြစ်တာကြောင့် သတ်ဖြတ်တာလို့လည်း ဆိုပါတယ်။
ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ လုပ်အားပေးလုံခြုံရေး စုစုပေါင်း ၈၀၀၀ နီးပါး ရှိတယ်လို့ ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လကစပြီး လုံခြုံရေးအစောင့် ငါးဦးနဲ့ စခန်း သုံးခုက ခေါင်းဆောင်သုံးဦးလည်း အသတ်ခံခဲ့ရပါတယ်။
အမေရိကန်သမ္မတအိမ်တော်ကို သွားရောက်ခဲ့တဲ့ ရိုဟင်ဂျာခေါင်းဆောင်တစ်ဦးဖြစ်သူ မိုဟစ်အူလာ အသတ်ခံခဲ့ရပြီးတဲ့နောက် ပြီးခဲ့တဲ့ အောက်တိုဘာလကစပြီး ဒုက္ခသည်စခန်းတွေမှာ ညပိုင်းအစောင့်တွေ စတင်ထားရှိခဲ့တာဖြစ်ပါတယ်။
မိုဟစ်အူလာဟာ နာမည်ကြီးလူသိများလာတာကြောင့် ARSA အဖွဲ့ခေါင်းဆောင် အဘူဟာမာဂျူနိုနီက သတ်ခိုင်းတာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ချ်ရဲတပ်ဖွဲ့က ဇွန်လထဲမှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။