ရိုဟင်ဂျာတစ်ထောင်ဝန်းကျင်ကို ဧပြီလလယ်မှာ ပြန်လည်လက်ခံမယ်လို့ စစ်ကောင်စီ ပြော
2023.03.22

မြန်မာစစ်ကောင်စီက ဘင်္ဂလားဒေ့ရှ်ကနေ နေရပ်ပြန်လာမယ့် ရိုဟင်ဂျာတစ်ထောင်ဝန်းကျင်ကို လက်ခံဖို့ရှိပြီး လာမယ့် ဧပြီလလယ်လောက်မှာ ပြန်လည်နေရာချထားရေးအစီအစဉ် စတင်ဖို့ ပြင်ဆင်နေတယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောလိုက်ပါတယ်။။
နှစ်နိုင်ငံသဘောတူညီချက်အရ ပထမအသုတ်မှာ လူတစ်ထောင်လောက် ပြန်လက်ခံမှာဖြစ်ပြီး မြန်မာဘက်က အခုချိန်မှာ စာရင်းတွေကို စိစစ်နေဆဲဖြစ်တယ်လို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက မတ်လ ၂၂ ရက်နေ့မှာ AFP သတင်းဌာနကို ပြောလိုက်တာဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ ဒုက္ခသည်ကယ်ဆယ်ရေးနဲ့ နေရပ်ပြန်ပို့ရေးကော်မရှင်နာရုံးပြောရေးဆိုခွင့်ရှိသူကတော့ ရိုဟင်ဂျာတွေ ပြန်လည်လက်ခံရေးအစီအစဉ် ဘယ်တော့စတင်မလဲဆိုတာ မသိသေးဘူးလို့ မတ်လ ၁၅ ရက်နေ့မှာ ရိုက်တာသတင်းဌာနကို ဖြေကြားထားပါတယ်။
နှစ်နိုင်ငံအစိုးရအစီအစဉ်နဲ့နေရပ်ပြန်ဖို့ စာရင်းပေးထားတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁၁၄ဝ ရှိပြီး အဲဒီထဲမှာ ၇၁၁ ယောက်ရဲ့ အချက်အလက်တွေကို စစ်ဆေးအတည်ပြုပြီးဖြစ်ပေမယ့် ၄၂၉ ယောက်ရဲ့ စာရင်းတွေကို စိစစ်နေဆဲဖြစ်ပါတယ်။

အဲဒီအရေအတွက်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်ကတည်းက နေရပ်ပြန်ဖို့ စာရင်းပေးထားသူတွေ ဖြစ်ပါတယ်။
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR ကတော့ ရိုဟင်ဂျာတွေအတွက် ရေရှည်တည်တံ့တဲ့ နေရပ်ပြန်နိုင်ရေး ဖြစ်မလာနိုင်သေးဘူးလို့ ရိုဟင်ဂျာတွေ ပြန်လည်လက်ခံမယ့် စစ်ကောင်စီရဲ့အစီအစဉ်နဲ့ပတ်သက်လို့ မတ်လ ၂၀ ရက်နေ့မှာ သဘောထားထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီရဲ့ရခိုင်ပြည်နယ်လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးမျိုးအောင် ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၇ ဦးဟာ ပြီးခဲ့တဲ့တစ်ပတ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
အဲဒီခရီးစဉ်မတိုင်ခင်က အိန္ဒိယ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်အပါအဝင် ရှစ်နိုင်ငံက သံအမတ် ၁၁ ဦးကို စစ်ကောင်စီက မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့နယ်မှာ နေရပ်ပြန်လာမယ့် ရိုဟင်ဂျာတွေကို ပြန်လည်နေရာချထားမယ့်နေရာတွေကို ပြသခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရတဲ့ ရိုဟင်ဂျာတွေကတော့ နိုင်ငံသားဖြစ်ခွင့်၊ လွတ်လပ်စွာသွားလာခွင့်နဲ့ သူတို့ရဲ့ မူလနေရာတွေမှာ ပြန်လည်နေထိုင်ခွင့်ရဖို့ အဓိကတောင်းဆိုထားကြပါတယ်။